မော်လမြိုင်၊ အောက်တိုဘာ ၇

ကေအဲန်ယူ ဒူးသထူခရိုင် ဘားအံမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ဒေသခံရပ်မိရပ်ဖတွေခေါ်ယူတွေ့ဆုံပြီး ရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး)တာဝန်ထမ်းဆောင်ဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကေအဲန်ယူ ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေဖြစ်ကြတဲ့ တကောင်ဘိုး၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတုန်းကြီး၊ မီးပုံးစတဲ့ကျေးရွာတွေက ဒေသခံရပ်မိရပ်ဖနဲ့ ဂေါပကအဖွဲ့တွေကို BGF တပ်ရင်း ၁၀၁၄ တပ်ခွဲ (၂)မှူး ဗိုလ်တင်ဝင်းက ခေါ်ယူတွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာ BGF က ဒေသခံရပ်မိရပ်ဖတွေကို တစ်လသူကြီး ဒါမှမဟုတ် ၁၅ ရက်သူကြီး စနစ်နဲ့ အုပ်ချုပ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက အမိန့်ပေးညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဂျို့ပင်ဆိပ်ရွာမှာ တစ်လသူကြီး ၂ ဦး၊ မြိုင်ကျေးရွာမှာ တစ်လသူကြီး ၂ဦး၊ မီးပုံးကျေးရွာမှာ တစ်လသူကြီး ၄ ဦးနဲ့ ကုန်းတန်းကြီးကျေးရွာမှာ ၁၅ ရက်သူကြီး ၃ ဦးတို့ကို အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး ရွေးချယ်ဖွဲ့စည်းပေးဖို့ BGF က အမိန့်ပေးညွှန်ကြားလာတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်အတွင်းမှာ KNLA နဲ့ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဘယ်သူကမှ ကျေးရွာသူကြီး(အုပ်ချုပ်ရေးမှူး) မလုပ်ချင်ကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။



အဲ့ဒီကျေးရွာတွေဘက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်တဲ့သူတွေ အချို့လည်း အသတ်ခံရတာတွေရှိတာကြောင့် ဘယ်သူမှ အုပ်ချုပ်ရေးမှူးနေရာကို မလုပ်ရဲဘူးလို့ ဒေသခံ‌တွေက ပြောပါတယ်။

“အခုကတိုက်ပွဲဖြစ်နေတော့ လူကြီးလုပ်မပျော်ဘူးလေ။ ကြားညှပ်တာပေါ့။ စစ်တပ်ကခေါ်လိုက် ကေအဲန်ယူက ခေါ်လိုက်ဆိုတော့ ဘယ်သူမှမလုပ်တော့ အဲ့ဒါမလုပ်မနေရပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ဒီဘက်မှာ လုပ်တာ အဲ့ဒီပုံစံမျိုးပဲလေ။ သူကြီးကိုလာပစ်သတ်သွားတာကိုး သူကြီးသေသွားတာလေ။ အဲ့ဘက် ၂ ယောက်သေသွားတယ်။ ဘယ်သူမှမလုပ်ရဲတော့ဘူး။ ကျနော်တို့မှာ ၁ လသူကြီးရှိတယ် ၃ လသူကြီးရှိတယ် အဲ့လိုမျိုး။ လုပ်မပျော်တော့ အလှည့်ကျပေါ့။ မဲနှိုက်ပေါ့။ နင်မဲပေါက်ရင် နင်လုပ်။ ငါမဲပေါက်ရင် ငါလုပ်ပေါ့။ အမျိုးသမီးလည်းပါတာပဲ”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

အခုလို တစ်လသူကြီး၊ ၁၅ ရက်သူကြီးတွေကို ဖွဲ့စည်းရွေးချယ်ခန့်အပ်ပြီးတဲ့နောက် အဲ့ဒီသူကြီးတွေရဲ့ ဖုန်းနံပါတ်တွေ BGFက ယူထားပြီး သက်ဆိုင်ရာကျေးရွာတွေမှာ KNLA တပ်တွေ သွားလာလှုပ်ရှားမှုရှိပါက BGF တပ်ဖွဲ့ထံကို ချက်ချင်းသတင်းပို့ဖို့ အမိန့်ပေးညွှန်ကြားထားတယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ် တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

” ခေတ်ကနောက်ပြန်ဆွဲသွားပြီလေ လွန်ခဲ့တဲ့အနှစ် ၂၀ က ပုံစံပြန်ဖြစ်သွားတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ -၃၀ က သူကြီးမျိုးရှိခဲ့တာကို ဒီပုံစံမျိုးပဲ” တပ်မဟာ ၁ နယ်မြေထဲက ဒေသခံရွာသားတစ်ဦးက သုံးသပ်ပါတယ်။

ဒီလို နယ်ခြားစောင့်တပ်က ဒေသခံပြည်သူလူထုရဲ့ သဘောထားမပါပဲ အတင်းအဓမ္မ ခိုင်းစေညွှန်ကြားတာဖြစ်ပြီး စစ်ရေးအရ ဒေသခံလူထုကို အသုံးချတာ၊ အကြမ်းဖက်ခိုင်းစေတာဖြစ်တယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်တာဝန်ရှိသူတစ်ဦရဲ့ ပြေကြားချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.