ကျိုက်ထို၊ စက်တင်ဘာ ၂၆

ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းများ၊ PDF များကို ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၎င်းနှင့်နီးစပ်သူတွေထံက သိရပါတယ်။

“ညဘက်ကြီးလာပြီး ဖမ်းသွားတယ်လို့ သိရတယ်။ ဘယ်ခေါ်သွားလဲတော့ မသိဘူး။ ဖြစ်နိုင်တာက စစ်တပ်ထဲဘဲ ခေါ်သွားတာဖြစ်နိုင်ပါတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ယခုအကြိမ် ဖမ်းဆီးမခံရခင် ဦးနေထက်သိန်းနိုင်ကို စစ်ကောင်စီတပ်တွေက စစ်တပ်ထဲ ခေါ်ယူစစ်ဆေးတာ လေးကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်မှာ ဟိုတယ်၊ စားသောက်ဆိုင်၊ မော်တော်ယာဉ်လိုင်းများအပါအဝင် လုပ်ငန်းများစွာ ပိုင်ဆိုင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ခေတ်အဆက်ဆက် အစိုးရ တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူ တစ်ဦးဖြစ်ပါတယ်။

ကျိုက်ထိုမြို့မှာ ဦးနေထက်သိန်းနိုင်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်တွေ ခေါ်ယူစစ်ဆေးမှုလုပ်နေသည်မှာ ၁၀ ဦးထက်မနည်း ရှိနေပြီလို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.