သထုံ၊ စက်တင်ဘာ ၂၅

သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီး၊ ထုံးဘိုလေးကျေးရွာနှင့်ဝီယော်ကျေးရွာအနီး စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့မှာ KNUတပ်ဖွဲ့ စနိုက်ပါတပ်သား၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ KNU ထံက သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည်မှာ ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာအထက်နားမှာ KNU တပ်မဟာ(၁)နှင့်စစ်ကောင်စီတပ်တို့ မိနစ်ပိုင်းလောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ(၁)ဘက်မှ ပစ်ခတ်သော ကျည်ထိမှန်တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဝီယောကျေးရွာ တံတားအနီးမှာ အင်အားဖြည့်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၁)ဘက်က Sniper သမားမှ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။



“ဝီယော်အရှေ့ဘက်တံတား အဲနားမှာ ဘုရားလေးတွေရှိတယ်။ အဲဘုရားမှာ စခန်းလာချထားပြီး အင်အားဖြည့်ထားတဲ့ တပ်မ (၂၂)လက်အောက်ခံ ခမရ(၂၀၁)က တပ်ဖွဲ့ကို sniper နဲ့ပစ်တာ အဲမှာ တစ်ယောက်သေတယ်။ ထုံးဘိုကြီး၊ ထုံးဘိုလေးဘက်မှာလည်း တစ်ယောက်သေတယ်”လို့ KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီး သေနတ်နဲ့အပစ်ခံရတဲ့ ကျေးရွာတွေနားမှာ စစ်ကောင်စီဘက်မှ အင်အားဖြည့်ထားသလို စောင့်ကြည့်သွားလာမှုတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်မှုတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.