မော်လမြိုင်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်အုပ်စုထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို အာဏာသိမ်း စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်း​ပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုတလော စစ်တပ်က ဖွဲ့စည်းပေးထားတဲ့အဖွဲ့ပါမယ်၊ ဗျူစောထီးအဖွဲ့ရယ်၊ အဓိကတော့ တပ်မတော်ထောက်ခံတဲ့သူတွေနဲ့ပေါ့၊ အခြေခံစစ်ပညာနဲ့ စုံစမ်းထောက်လှမ်းတဲ့ သင်တန်းတွေ ပေးဖို့ စီစဉ်နေတယ်”ဟု ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက သင်တန်းတက်ရောက်မည့်လူဦးရေစာ​ရင်းကို ပြုစုနေပြီး ယင်းသင်တန်းကို အောက်တိုဘာလ ပထမအပတ်အတွင်းမှာ စတင်ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။



အဆိုပါသင်တန်းတက်ရောက်သူများအနေနဲ့ သင်တန်းပြီးဆုံးပါက အခြေခံလစာခံစားခွင့် ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

” သင်တန်းဆင်းရင် လခရမယ်၊ ဘယ်လောက်ရမလဲ တိတိကျကျမသိရဘူး၊ အခြေခံလစာပေးမယ်လို့ပဲ ပြောတယ်” ဟု ၎င်းက ပြောပါတယ်။

သင်တန်းပြီးဆုံးပါက စစ်ကောင်စီက စေခိုင်းမည့် မြေပြင်လှုပ်ရှားမှုတွေမှာ သင်တန်းတက်ရောက်ခဲ့သူတွေနဲ့အတူ ကျန်းမာရေးကောင်းမွန်တဲ့စစ်မှုထမ်းဟောင်းများနဲ့ ပြည်သူ့စစ်တွေလည်း ပူးပေါင်းပါဝင်လှုပ်ရှားကြမယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.