By နောင်ခန့်
စစ်တပ်အာဏာမသိမ်းမီ ကာလမှာတော့ ကိုသန့်စင်လင်းထက်ဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။
အသက် (၂၁) နှစ် အသားဖြူဖြူ အရပ်မနိမ့်မမြင့်နဲ့ ကိုသန့်စင်လင်းထက်ဟာ နိုင်ငံရေးကို စိုးစဉ်မျှ စိတ်ဝင်စားသူ မဟုတ်ပါ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးလို့ အဝေးသင်တက္ကသိုလ်တက်ရောက်ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ သူ့ဘဝအတွက် အချိုးအကွေ့တစ်ခု ဖြစ်လာပြီး မူလရည်ရွယ်ထားတဲ့ အိပ်မက်တွေကို ရေစုန်မျှောကာ ယခုတော့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
နိုင်ငံရေးမှာ ပထမဆုံး ပါဝင်လာခြင်း
မြန်မာနိုင်ငံတဝှမ်းက သိန်းနဲ့ချီတဲ့ လူငယ်တွေလို ကိုသန့်စင်လင်းထက်မှာလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှ ပထမဆုံး ဆန္ဒမဲပေးရသူ ဖြစ်ပါတယ်။
သူဆန္ဒမဲပေးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို လျှစ်လျှုရှုပြီး စစ်တပ်က အာဏာသိမ်းလိုက်တာဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုသန့်စင်လင်းထက် ပါဝင်ဖို့ တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။
“မနက် လေးနာရီလောက် နိုးတော့ သတင်းတွေ တွေ့တယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ဖမ်းလိုက်ပြီးပေါ့ ။ မနက် ခြောက်နာရီထိုးတော့ ဖုန်းလိုင်းတွေက ပြတ်သွားပြီး။ လူငယ်စကားနဲ့ ပြောရင် ပေါက်တာပေါ့ ဟာ ဘာလဲပေါ့။ ကျွန်တော်တို့ ထည့်ခဲ့တဲ့ မဲကို လက်မခံဘဲ အာဏာသိမ်းလိုက် တာဟာ လက်ခံနိုင်စရာမရှိဘူး” ကိုသန့်စင်လင်းထက်က ဆိုပါတယ်။
အဲ့ဒီနောက် သူ့ဘဝရဲ့ ပထမဆုံး ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီလ (၇)ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ဖုန်းလိုင်းနဲ့အင်တာနက် အဆက်အသွယ် ဖြတ်တောက်လို့ နိုင်ငံတဝှမ်းမှာ လူထုအုံကြွမှု စတင်ခဲ့ပြီးနောက် မော်လမြိုင်မြို့မှာလည်း လူထုဟာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကိုသန့်စင်လင်းထက်ကတော့ ဆိုင်ကယ်သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး မြို့အနှံ့ ဆိုင်ကယ်တွေနဲ့ လှည့်လှည်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
“ ဆန္ဒပြတယ်ဆိုတာ ဘာမှန်းမသိတဲ့ကျွန်တော် အဲ့ဒီနေ့မှာဆိုင်ကယ်တွေနဲ့လှည့်ပြီး ပထမဆုံး ဆန္ဒပြခဲ့တယ်။ နောက်ရက်တွေမှာတော့ ပြည်သူ့သပိတ်စစ်ကြောင်းတွေနဲ့ ချိတ်ဆက်မိပြီး လမ်းလျှောက်သပိတ်တွေမှာ ဆက်တိုက်ပါဝင်ခဲ့ပါတယ်”လို့ ကိုသန့်စင်လင်းထက်က ဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အားကောင်းခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာ မော်လမြိုင်မြို့က သိန်းနဲ့ချီတဲ့ လူထုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းသူကျောင်းသား သပိတ်စစ်ကြောင်းနဲ့ ပြည်သူ့သပိတ်စစ်ကြောင်း နှစ်ခုရှိရာ ပြည်သူ့သပိတ်စစ်ကြောင်းမှာ ကိုသန့်စင်လင်းထက် ဦးဆောင်ပါဝင်ခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွင်း
ရက်သတ္တပတ်ခန့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံခဲ့ ရပါတယ်။
မော်လမြိုင်တက္ကသိုလ်မှ ထွက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းရဲ့ ဦးဆောင်သူတွေကို ရဲက ဖမ်းဆီးပြီးနောက် လူထုနဲ့ အချေအတင်ဖြစ်ပြီး ရာဘာကျည်အပါအဝင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် သပိတ်စစ်ကြောင်းတွေကို ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူသေဆုံးမှုတွေကလည်း ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ အရှိန်အဟုန် လျော့ကျမသွားဘဲ အားကောင်းနေမြဲ ဖြစ်ပါတယ်။
ခုခံသပိတ် စတင်
မတ်လနှောင်းပိုင်းရောက်တဲ့အခါ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လူ(၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး မော်လမြိုင်မြို့က သပိတ်စစ်ကြောင်းတွေဟာ ပုံစံတမျိုး ပြောင်းလဲခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ကြဖို့ ပျောက်ကျားသပိတ်တွေကို ဆင်နွှဲပြီး ရာဘာကျည်ဒဏ်ကို ခံနိုင်ဖို့အတွက် ဒိုင်းကာတွေကို အသုံးပြုခဲ့ကြပါတယ်။
အချို့ရက်တွေမှာ ခံတပ်တွေဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံခဲ့ပေမယ့် အင်အားမမျှလို့ အထိအခိုက် အကျအဆုံးများခဲ့ပါတယ်။
စစ်ကောင်စီကလည်း သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေကို ပုဒ်မ (၅၀၅)နဲ့ တရားစွဲဆိုပြီး ရှာဖွေဖမ်းဆီးမှုတွေကို စတင်ခဲ့ပါတယ်။
သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုသန့်စင်လင်းထက်လည်း ပုဒ်မ (၅၀၅) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
“ဦးဆောင်သူအချို့က ရှောင်ကြရတယ် ။ အချို့က ဖမ်းခံထိတယ်။ အဲ့အချိန် ကျွန်တော်က မြို့ထဲမှာ ရှိတုန်းပဲ။ သူငယ်ချင်းတွေ စုပြီး ပျောက်ကျားသပိတ်တွေ လူမဲ့သပိတ်တွေကို လှုပ်ရှားခဲ့ကြတယ်” လို့ ကိုသန့်စင်လင်းထက်က ဆိုပါတယ်။
လွတ်မြောက်နယ်မြေဆီသို့ ခရီးကြမ်း
ပုဒ်မ (၅၀၅)နဲ့ တရားစွဲခံရပြီးနောက် ကိုသန့်စင်လင်းထက်ဟာ နေအိမ်မှာ မနေတော့ဘဲ အသိမိတ်ဆွေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တလှည့်စီ လှည့်ပတ် တိမ်းရှောင်ခဲ့ပါတယ်။
မတ်လလယ်ပိုင်းမှာ မြို့စွန်းက ဘုန်းကြီးကျောင်းတစ်ခုမှာ တည်းခိုနေစဉ် ည (၉)နာရီခန့် ရောက်တဲ့အခါ အမဖြစ်သူဆီက ဖုန်းဝင်လာပြီး ကိုသန့်စင်လင်းထက် ရှိတဲ့နေရာကို ရဲတွေ သိသွားပြီးလို့ အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် ညတွင်းချင်းပဲ ဘုန်ကြီးကျောင်းအနောက်က လယ်ကွင်းပြင်ကြီးကို ဖြတ်ပြေးပြီး ရွာစပ်က ခြုံပုတ်လေးမှာ ပုန်းကာ ည (၉)နာရီကနေ မနက် (၃)နာရီအထိ ကိုသန့်စင်လင်းထက် တစ်ကိုယ်တည်း ငုတ်တုတ် ထိုင်နေခဲ့ရပါတယ်။
ရွာက ခေါင်တဲ့အပြင် ညဉ့်နက်ချိန်ဖြစ်တာကြောင့် ရွာထဲကို လူစိမ်း အဝင်မခံတော့လို့ ဖြစ်ပါတယ်။
“ရွာကခေါင်တော့ ရွာထဲဝင်မရဘူး ။ ရွာစပ်က ခြုံလေးမှာဘဲ ညလုံးပေါက် ထိုင်နေရတယ် ။ အမှောင်ထဲမှာပဲ ကြောက်ကြောက်နဲ့ ဘုရားစာတွေ ရွတ်နေရတယ်” လို့ ကိုသန့်စင်လင်းထက်က ဆိုပါတယ်။
မနက်မိုးလင်းချိန်မှာတော့ သူငယ်ချင်းဖြစ်သူထံ ဆက်သွယ်ပြီး လွတ်မြောက်နယ်မြေဆီသွားဖို့ ပြင်ရပါတော့တယ်။
သူငယ်ချင်းဖြစ်သူ လာကြိုတဲ့ ဆိုင်ကယ်လေးနဲ့ တစ်ရက်နီးပါး ရွာတွေကို ဖြတ်ပြီး တောလမ်းကနေ ခရီးနှင်ပြီးတဲ့နောက် လွတ်မြောက်နယ်မြေကို ကိုသန့်စင်လင်းထက် ရောက်ရှိခဲ့ပါတယ်။
တောတွင်းခရီးကြမ်း
လွတ်မြောက်နယ်မြေရောက်သည်နဲ့ နောက်တစ်နေ့မှာ စစ်သင်တန်းတက်ဖို့အတွက် ကိုသန့်စင်လင်းထက် ဆုံးဖြတ်ခဲ့ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးတပ်သားတစ်ဦးဖြစ်ဖို့ လွယ်ကူသည်တော့ မဟုတ် ။ ကြမ်းတမ်းတဲ့ စစ်သင်တန်း နှစ်လခရီးကြမ်းကို အပတ်တကုတ် သင်ယူပြီး ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
နံနက် ငါးနာရီ ထပြေးရတာတွေ ၊ ဒိုက်ထိုးတာတွေ ၊ တန်းဆွဲတာတွေ ၊ ဝတ်စုံပြည့်နဲ့ မိုင်ချီ ပြေးရတာတွေ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေအပြင် တောတွင်းနေထိုင်မှုပုံစံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လေ့ကျင့်ရပါတယ်။
အဲ့ဒီနောက် စစ်ရေးလေ့ကျင့်တာအပါအဝင် လက်နက်တပ်ဆင်တာတွေ ၊ ပစ်ခတ်တာတွေနဲ့ ဖောက်ခွဲရေးအတွက် သင်တန်းတွေကို တနေကုန် သင်ယူရပါတယ်။ ညပိုင်းတွင်လည်း စစ်ရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေ ၊ အတွေးအခေါ်တွေနဲ့ စစ်ရေးဗဟုသုတတွေကို သင်ယူရပါတယ်။
မြို့ပေါ်ကလာတဲ့ လူငယ်တွေအတွက် တောတွင်းလူနေမှုဘဝနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ဆိုတာ လွယ်ကူသည်တော့ မဟုတ်။
သူတို့လိုလားတဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ စိတ်တစ်ခုတည်းနဲ့ ဒီအခက်အခဲတွေကို အံတုနေရတယ်လို့ ကိုသန့်စင်လင်းထက်က ဆိုပါတယ်။
“ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့အာဏာ ပြည်သူပြန်ပေး ၊ ရရင်ရ မရရင် ချမယ်”
မျှစ်လည်းဝါး ၊ ဝါးလည်းမျှစ်
ကိုယ်ကာယလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လေ့ကျင့်နေရတဲ့ သင်တန်းသားတွေအဖို့ အဟာရ ပြည့်ပြည့်ဝဝ စားနေရတာတော့ မဟုတ်ပေ။
မိဘအိမ်တွေမှာလို အသင့် ခူးခပ်စာ မဟုတ်သလို ထမင်းနပ်မှန်ဖို့ကိုပင် အနိုင်နိုင် ကြိုးစားနေရလို့ တော်လှန်ရေး သမားတွေရဲ့ ဘဝဟာ အနေအစား ဆင်းရဲလှပါတယ်။
ပုံမှန်စားရသည်က ထမင်းကြမ်းနဲ့ ဟင်းရည်ကြဲကြဲသာဖြစ်ပြီး တခါတရံတော့ တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် အသားဟင်း စားရပါတယ်။
အသားတွေကိုလည်း ဗြောင်ချက်ကျွေးတာ မဟုတ်ဘဲ အသီးအရွက်တစ်မျိုးမျိုးနဲ့ ရောချက်ကျွေးတာ ဖြစ်ပါတယ်။
အများဆုံး စားရသည်ကတော့ မျှစ် ၊ အားလူးနဲ့ အသားတုတို့ပဲ ဖြစ်ပါတယ်။
“မျှစ်ကို ပုံစံမျိုးစုံနဲ့ စားရတယ်။ စားမယ့်မျှစ်ကိုလည်း ကိုယ်တိုင်သွားရှာကြတယ်။ သင်တန်းသားတွေ အချင်းချင်း ပြောကြတာတွေရှိတယ် ။ ဝါးလည်းမျှစ် မျှစ်လည်းဝါးပေါ့ ။ သေချာတာတစ်ခုက အားလူးနဲ့အသားတုကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့တော့ဘူး” လို့ ကိုသန့်စင်လင်းထက်က ရယ်မောလျက် ပြောဆိုပါတယ်။
သို့သော် အခုလို အနေအစားဆင်းရဲတာက စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီပြန်ရအောင် ယူမယ်ဆိုတဲ့ ကိုသန့်စင်လင်းထက်ရဲ့ စိတ်အားထက်သန်မှုကို တားဆီးနိုင်စွမ်း မရှိပေ။
ကိုယ်ကျိုးမမှန်းတဲ့ တော်လှန်ရေးတပ်သား
လက်ရှိမှာတော့ ကိုသန့်စင်လင်းထက်ဟာ နှစ်လတာ စစ်သင်တန်းကို ပြီးမြောက်၍ စစ်ဆင်ရေးတွေကို စတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
ကိုသန့်စင်လင်းထက်လိုပဲ အခြားသိန်းနဲ့ချီတဲ့ လူငယ်အသီးသီးကလည်း လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းတွေ တက်ရောက်နေပါတယ်။
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတဲ့ လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပေမယ့် ၎င်းတို့ကိုယ်ကျိုးအတွက် တစ်စုံတစ်ရာ မမျှော်မှန်းထားကြပေ။
တော်လှန်ရေးပြီး၍ အရေးတော်ပုံအောင်မြင်တဲ့အခါ ၎င်းတို့ မျှော်မှန်းထားတာက
“ဒါတွေ ပြီးသွားရင်တော့ ကျွန်တော် စိတ်ပြေလက်ပျောက် ခရီးလေးတစ်ခုထွက်မယ် ၊ အနားယူမယ်။ အဲ့တာပြီးရင်တော့ ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ဖော်မယ်။ နိုင်ငံအတွက် ပေးဆပ်ပြီးတဲ့အခါ ကျွန်တော်အတွက် ကျွန်တော်အကောင်းဆုံး ပြန်ကြိုးစားရမယ်”