မော်လမြိုင်၊ စက်တင်ဘာ ၂၂

ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတွေဟာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လုပ်ဆောင်နေလာတဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်က စစ်ကောင်စီတပ်သား အင်အားအပြည့်တင်ဆောင်လာတဲ့ စစ်ကား ၈ စီးနဲ့ အင်အား ၂၀၀ ခန့် ဟာ သံဘိုကနေ ကျောက်ကြီးကို ဆင်းလာခဲ့တာလို့ ကေအဲန်ယူကဆိုပါတယ်။

အဲ့ဒီတပ်သား ၂၀၀ ခန့်ဟာ စက်တင်ဘာ ၂၁ ရက်နေ့ည ၁၂ နာရီအချိန်မှာ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာထဲကို ဝင်ရောက်လာပြီး အဲ့ဒီကနေတစ်ဆင့် ဂမုန်းအိုင်ကျေးရွာဘက်ကို မနက် ၄ နာရီအချိန်မှာ ရောက်ရှိသွားလာခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

“ညတုန်းက အပေါ်ကနေပြီးတော့ သူတို့တပ်ရင်းကနေပြီးတော့ မြို့ထဲဘက်ကို ပြန်ဆင်းတယ်။ အခြေအနေကတော့ ပိုဆိုးနေတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့နယ်မြေအနေအထားကတော့။ ဒီမနက်ပိုင်းအစောကြီးမှာတော့ ကျောက်ကြီးမြို့ အဝင်အထွက်မှန်သမျှကို စစ်ဆေးမှုတွေ တော်တော်လေးတင်းကြပ်တယ်” လို့ ကျောက်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။



အဲ့ဒီကနေတစ်ဆင့် လှည်းလမ်းကုန်း၊ အောက်ချင်းကုန်းဘက်ကို ရောက်ရှိသွားခဲ့ပေမယ့် ကျေးရွာအတွင်းမနေဘဲ ကျောက်ကြီးချောင်းကမ်းနံဘေး တစ်လျှောက်နဲ့ တောတောင်ထဲမှာ သွားလာလှုပ်ရှားနေတယ်လို့ သိရှိရကြောင်း ကေအဲန်ယူက ဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေဒေသထဲမှာ အကြောင်းပြချက်မရှိပဲ ကျူးကျော်သွားလာလှုပ်ရှားမှုတွေကို တိုးမြင့်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်နေရပြီး တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့လည်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ ၃ နယ်မြေမှာ KNLA နဲ့ စစ်အုပ်တို့ကြား မနေ့ စက်တင်ဘာ ၂၁ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.