ထားဝယ်၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရသည့် ထားဝယ်တက္ကသိုလ် အင်္ဂလိပ်​မေဂျာကျောင်းသူဟောင်း တစ်ဦး အရက်​ပြန်ကို သောက်ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ မစိုးမီမီကျော်၊ ကိုစိုးပြည့်အောင်နှင့်မသျှားပြည့်ခင်တို့ ၃ ဦးကို စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခဲ့တာပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးစလုံးကို စစ်ကြောရေးသို့ပိုပြီး ကိုစိုးပြည့်အောင်နှင့်မသျှားပြည့်ခင်တို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းပြီးနောက် မစိုးမီမီကျော်ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မစိုးမီမီကျော်ကို စာရင်းစာအုပ်တွေပြပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မစိုးမီမီကျော်မှာ စစ်ဆေးမေးမြန်းခံရပြီးနောက် အိမ်သာသို့သွားကာ ၎င်းထံမှ ပါလာသော အရက်ပြန်ကို သောက်ကာ သေကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။

မစိုးမီမီကျော် အရက်ပြန်ကို သောက်ပြီး သေကြောင်းကြံစည်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိရှိပြီးနောက် ထားဝယ်စစ်ဆေးရုံကို တင်ပို့ကာ ဆေးကုသမှုခံယူ​​
စေခဲ့ပါတယ်။

မစိုးမီမီကျော်ရဲ့ လတ်တလော ကျန်းမာရေး အ​ခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မစိုးမီမီကျော်နှင့်အတူ ဖမ်းဆီးခံထားရတဲ့ ကိုစိုးပြည့်အောင်နှင့်မသျှားပြည့်ခင်တို့ ၂ ဦးကိုတော့ ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.