မော်လမြိုင်၊ စက်တင်ဘာ ၂၁
ရက်အတော်ကြာ တိုက်ပွဲဖြစ်ပွားမှု ရပ်ဆိုင်းနေတဲ့ KNU တပ်မဟာ ၃ နယ်မြေမှာ KNLA နဲ့ စစ်အုပ်တို့ကြား ဒီကနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။
ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် KNLA တပ်ရင်း (၉) နဲ့ ကျောက်ကြီးနယ်မြေ သံဘိုကျေးရွာအနီးမှာ ဒီကနေ့ မနက် ၅ နာရီအချိန်ခန့်က KNLA နဲ့ စစ်အုပ်စုတို့ကြား တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ် ခလရ ၆၀ ဟာ သံဘိုစခန်းကနေ ထွက်လာပြီး မူသယ်ကားလမ်းပေါ်ကို တက်လာချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာလည်း ဆောမီလူးမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကျောက်ကြီးမြို့နယ် တပ်ရင်း ၉ နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က သံဘို-မူသယ်ကားလမ်းကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကနေပဲ ပြန်လည်ဖောက်လုပ်ခဲ့ပြီးတဲ့နောက် မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မူသယ်စခန်းမှာ တပ်ချနေတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးနဲ့ မကြားခဏဆိုသလို ပစ်ခတ်တာတွေလုပ်ဆောင်နေခဲ့တာပါ။
အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကျောက်ကြီးမြို့နယ် ခဲဒဲကျေးရွာအုပ်စုက ပြည်သူလူထုတွေဟာ ကြောက်ရွံ့တိမ်းရှောင်နေရပြီး ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေမှာ စစ်ဘေးရှောင်သူဦးရေ (၅၀၀၀) ခန့်ရှိနေပြီဖြစ်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်