ဝါရှင်တန်၊ စက်တက်ဘာ ၂၁

ဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့သည် အာဖဂန်နစ္စတန်နှင့် အခြားသောနိုင်ငံများမှ ထွက်ပြေးလွတ်မြောက်လာသော လူများကြောင့် မြင့်တက်လာသော ဖိအားများကို ရှောင်ရှားနိုင်ရန် လာမည့်ဘဏ္ဍာနှစ်အတွင်း ဒုက္ခသည်ဦးရေ ၁၂၅၀၀၀ အထိ နှစ်ဆတိုးမြှင့်လက်ခံမည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

တစ်နှစ်စီတွင် ဒုက္ခသည်ဦးရေ ထောင်ဂဏန်းအထိလျှော့ချထားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်မှ စတင်ခဲ့သော လမ်းကြောင်းကို သမ္မတဂျိုးဘိုင်ဒန်က ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်မှာ အဆုံးသတ်မည်ဖြစ်သော သမ္မတထရမ့် သတ်မှတ်ခဲ့သည့် လက်ရှိဘဏ္ဍာနှစ်အတွက် (ဒုက္ခသည်လက်ခံခြင်းဆိုင်ရာ) တရားဝင်ကိန်းဂဏန်းမှာ ၁၅၀၀၀ ဦးအထိသာရှိ၍ အမှန်တကယ် လက်ခံသည့်နှုန်းထားများထက် လွန်စွာ နည်းပါးသည်။

သမ္မတဘိုင်ဒန်၏ အုပ်ချုပ်မှုကို စတင်ခဲ့ပြီးနောက် ထိုကိန်းဂဏန်းကို ၆၂၅၀၀ ဦးအထိ ကျော်လွန်အောင် တွန်းကန်ထားနိုင်ခဲ့သည်။

ဘဏ္ဍာနှစ် ၂၀၂၂ အတွက်မူ အမေရိကန်ပြည်ထောင်စုသို့ ခိုလှုံခွင့်ကို ပေးအပ်မည့် ဒုက္ခသည်ဦးရေအတိုင်းအတာကို ၁၂၅၀၀၀ အထိ တိုးမြှင့်လိမ့်မည် ဖြစ်သည်။

“ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေတဲ့ အိုးအိမ်များမှ ဖယ်ရှားခံရခြင်း/ရွှေ့ပြောင်းရခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် အတူ  အမေရိကန်ပြည်ထောင်စုက အကာအကွယ်ပေးနိုင်ရေးကို ထောက်ပံ့ဖို့ ဦးဆောင်ကြိုးပမ်းမှာဖြစ်သလို လူသားချင်းစာနာထောက်ထားမှုကပ်ဘေးများအတွက် ခိုင်မြဲတဲ့ဖြေရှင်းချက် တွေကိုလည်း မြှင့်တင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောကြားခဲ့သည်။  

ထိုကြေငြာချက်ထွက်ပေါ်လာခဲ့ခြင်းနှင့်အတူ ဝါရှင်တန်အစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များအတွက် အလုပ်လုပ်ကိုင်နေသော ထောင်နှင့်ချီသည့် လူများကို ၎င်းနိုင်ငံမှ စွန့်ခွာပြီး အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် အခြေချနေထိုင်ရေးကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

ထိုထောင်နှင့်ချီသော လူအုပ်စုများအနက် အချို့မှာ ဒုက္ခသည်အစီအစဥ်အောက်တွင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး အခြားကျန်ရှိသူများကို အထူးရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာ “special immigrant visas” များဖြင့် ခေါ်ယူသွားမည်ဖြစ်သည်။

မကြာသေးမီရက်သီတင်းပတ်များအတွင်း အမေရိကန်အာဏာပိုင်များသည် မက္ကဆီကိုနှင့်နယ်စပ်ကို ဖြတ်ကျော်ပြီး တက္ကဆက်ပြည်နယ် Del Rio သို့ ဖြတ်ကျော်ခဲ့သည့်ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့နေစဉ်အတွင်း ဤကြေငြာချက်ကို ကြေငြာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြန်လည်ပို့ဆောင်ခြင်းခံရသောသူများသည် ဟေတီနိုင်ငံမှ ဖြစ်ကြပြီး နိုင်ငံရေး မတည်ငြိမ်မှု၊ ငလျင်လှုပ်ရှားမှုများနှင့် ဟာရီကိန်းမုန်တိုင်းများဖြစ်သည့် နိုင်ငံ၏ အဆိုးရွားဆုံးအခြေအနေများကြောင့် နေရပ်မှ စွန့်ခွာခဲ့သူများ ဖြစ်ကြသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.