မော်လမြိုင် ၊ စက်တင်ဘာ ၂၁

သံဖြူဇရပ်မြို့နယ်မှာ တော်သလင်းလပြည့်နေ့ မ‌ေန့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျိုက္ခမီ၊ စက်စဲကို ဘုရားဖူးသွားတဲ့ လူငယ် ၁၂ ဦးကို အာ‌ဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေ ဖမ်းဆီးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာဆိုရင် မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေကနေ ဘုရားဖူးလာသူတွေ ဖြစ်ပြီး ဖောင်စိန်တိုးဂိတ်နဲ့ ကျိုက္ခမီ အထွက် လမ်းတွေမှာ ဖုန်းတွေကို စစ်ဆေးရာမှ NUG အစိုးရကို ထောက်ခံကြောင်း ပုံတွေနဲ့ စာတွေ တွေ့ရှိပြီး‌နောက် ဖမ်းဆီးခံလိုက်ရ တာဖြစ်ပါတယ်။

ကျိုက္ခမီနဲ့ စက်စဲကို ဘုရားဖူးလာရင်း ဖမ်းဆီးခံရသူ လူငယ် ၁၂ ဦးမှာ ၁ ဦးက‌တော့ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူဖြစ်လို့ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။



“မနေ့က ဘုရားသွားဖူးတဲ့ သူတွေပေါ့၊ ဖမ်းတာက (၁၂)ယောက် ဖမ်းထားတယ်လို့ ကြားတယ်၊ ဖမ်းတာက ဖုန်းစစ်ပြီးတော့ ဖမ်းတာပေါ့၊ (၁၂)ယောက်ထဲမှာမှ တစ်ယောက်က စရဖဆီက သူ့အမျိုးလား သူ့သားလား မသိဘူး၊ အဲ့တစ်ယောက်ကိုတော့ လွတ်ပေးလိုက်တယ် လို့ပြောတယ်၊ ကျန်တဲ့သူတွေကိုတော့ ဖမ်းလိုက်တယ် ပြောတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး (၄)ဦး ပါဝင်သလို ဆရာဝန် တချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် သံလွင်တိုင်းမ် အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ သံဖြူဇရပ်မြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ၅၀၅(က)ဖြင့် အမှုဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.