မော်လမြိုင်၊ စက်တင်ဘာ ၂၁

သထုံခရိုင် ၊ ပေါင်မြို့နယ်က Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးမခံရအောင် စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးယူနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံတဝှမ်းမှာ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ဗုံးခွဲဖျက်ဆီးခံရပြီးနောက် အခုလို လုံခြုံရေးအဖွဲ့တွေက စစ်ဆေး စောင့်ကြပ်လာတာ ဖြစ်ပါတယ်။

” တာဝါတိုင်တွေကို ဗုံးခွဲတာ၊ မီးရှို့တာတွေ လုပ်လာတာ များလာလို့၊ ထပ်ပြီး မဖြစ်အောင်ပေါ့လေ၊ နယ်မြေခံတပ်ရင်းက စစ်သားတွေ၊ ဒေသခံရဲတွေ၊ ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးအပိုင်းကလူတွေပါတယ်၊ ဒီလူတွေ ဒေသအလိုက်ပေါ့ အုပ်စုခွဲလိုက်တယ်၊ တာဝါတိုင်ရှိတဲ့ နေရာကို တနေ့ကို ၂ ခါလောက်သွားစစ်ဆေးရတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Mytel ဆက်သွယ်ရေး တာဝါတိုင်တွေကို
အဓိကထား စစ်ဆေးဖို့ ညွှန်ကြားထားပြီး နေ့စဉ် စစ်ဆေးပြီးစီးကြောင်းနဲ့ ထူးခြားမှု ရှိမရှိကို ပြန်လည်အစီရင်ခံစာ ပုံမှန်တင်ပြပေးရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်တဝှမ်းမှာတော့ ရက်ပိုင်းအတွင်း Mytel ဆက်သွယ်ရေး တာဝန်တိုင် ၅ ခုထက်မနည်း ဖျက်စီးခံခဲ့ရပါတယ်။

Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်လို့ နိုင်ငံတဝှမ်းက PDF တပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Crd

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.