သထုံ၊ စက်တင်ဘာ ၂၁

သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးမှာ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်အဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပိန္နဲတောအခြေစိုက် စကခ (၈)လက်အောက်ခံတပ်ဖွဲ့နှင့်BGF ပူးပေါင်းတပ်ဖွဲ့ဟာ နယ်မြေကျူးကျော် လှုပ်ရှားသွားလာနေတဲ့အတွက်ကြောင့် တိုက်ခိုက်ရတာလို့ ဆိုထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်အဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး KNLA က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အီဟယ်ကျေးရွာက ကျွဲ ၄ ကောင် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပုရစ်ခိုကျေးရွာအနီးမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ပိုင် ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.