မော်လမြိုင်၊ စက်တင်ဘာ ၂၁
ပြည်သူလူထုအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒလမ်းစဉ်အတိုင်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း ပြီးမြောက်အောင်မြင်တဲ့အထိ ကြိုးပမ်းအားထုတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUက ထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ KNU ဆိုထားပါတယ်။
KNU ရဲ့ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်နိုင်ဖို့ လူသားတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်နဲ့ ရှင်သန်မှု၊ အသက်မွေးဝမ်းကြောင်းမှုနဲ့ လုံခြုံမှုအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းမဆို လက်တွဲလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်မှု ရန်ကနေ တားဆီးကာကွယ်ဖို့နဲ့ ပပျောက်စေဖို့အတွက် အားထုတ်လုပ်ဆောင်ကြရမယ်လို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းပြောဆိုထားပါတယ်။
မြန်မာနိုင်ငံသမိုင်းတစ်လျှောက်မှာ မလုံခြုံမှု၊ စိုးရိမ်ကြောင့်ကြမှု၊ အကြမ်းဖက်မှုနဲ့ ညှင်းဆဲသတ်ဖြတ်မှု အပြုအမူကို ထာဝစဉ်ကြုံတွေ့နေရပြီး ငြိမ်းချမ်းမှုအတွက် အတားအဆီးတွေကို ဖြစ်ပေါ်စေတဲ့ တွေးခေါ်မှုတွေလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။
အခုလို တွေးခေါ်မှုတွေနဲ့ အပြုအမူတွေကို အဆုံးမသတ်နိုင်ပါက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာလို့ ကေအဲန်ယူက ပေးပို့တဲ့ သဝဏ်လွှာမှာ ပါရှိတာပါ။
လူသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ၊ ကျောင်းတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အထူးလိုအပ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။
ဒါကြောင့် လူသားတွေရဲ့ မလုံခြုံမှုတွေနဲ့ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေကို ချုပ်ငြိမ်းစေဖို့ အားထုတ်ကြရမှာဖြစ်တယ်လို့ ကေအဲန်ယူက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်