ဘန်ကောက်၊ စက်တင်ဘာ ၁၉

ကိုဗစ် ၁၉ ကပ်ဘေးကြောင့် ရွှေ့ပြောင်းလုပ်သားအများအပြား နေရပ်ပြန်သွားသည့်အတွက် လစ်လပ် သွားသော အလုပ်အကိုင်အခွင့်အလမ်း ၄၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားများဖြင့် အစားထိုးခန့်အပ်သွားရန် အလုပ်သမားဝန်ကြီးဌာနမှ ပြင်ဆင်လျှက်ရှိသည်။

အလုပ်သမားရေးရာဝန်ကြီး Suchart Chomklin က ကပ်ဘေးအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် လွန်ခဲ့သောနှစ် မတ်လလောက်ကတည်းက အလုပ်သမားတင်သွင်းမှုကို ရွှေ့ဆိုင်းထားခဲ့ပြီး အဆိုပါအခြေအနေကြောင့် စက်မှု/ကုန်ထုတ် ကဏ္ဍအတော်များများတွင် အလုပ်သမားပြတ်လပ်မှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။  

အလုပ်သမားရေးရာဝန်ကြီး၏ ပြောကြားချက်တွင် ယခုနှစ်မေလအတွင်း ကောက်ခံသော စစ်တမ်းအရ ရွှေ့ပြောင်းလုပ်သားဦးရေ ၄၀၀,၀၀၀ ကျော်ကျော်ကို လိုအပ်နေကြောင်းဟူ၍ ပါရှိသည်။

ရွှေ့ပြောင်းလုပ်သားများအစား ထိုင်းနိုင်ငံသားများကို အစားထိုးလိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်များအကြား စစ်တမ်းတစ်ခုကောက်ခံရန် အလုပ်အကိုင်အခွင့်အလမ်း ဌာနကို ဝန်ကြီးမှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

၎င်းဌာနနှင့်အတူ အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းထားသည့် ထိုင်းနိုင်ငံသားဦးရေစုစုပေါင်း ၁၁၂,၇၅၉ ဦးရှိပြီး ဖြစ်သည်။

Mr. Suchart က “အဲ့သည်လို လုပ်ဆောင်တာဟာ အလုပ်သမားပြတ်လပ်မှုများနှင့် အလုပ်ရှာဖွေနေသူ တွေကလည်း အလုပ်ခေါ်ဆိုမှုတွေကို ပြည့်မီနိုင်တာကြောင့် အလုပ်လက်မဲ့ပြဿနာကို သက်သာစေရန် ကူညီပေး နိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဝန်ကြီး၏ ပြောကြားချက်အရ စက်မှုကုန်ထုပ်လုပ်ငန်းအမျိုးမျိုးဖြစ်သည့် အဝတ်အထည်လုပ်ငန်း၊ စည်သွပ်ဗူးလုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံသားအတွက်သာမက ရွှေ့ပြောင်းလုပ်သား များအတွက်ပါ အားကောင်းသော (အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ) လိုအပ်ချက်များ ဖြစ်ပေါ်နေသည်ဟု ပါရှိသည်။

အလုပ်အကိုင်အခွင့်အလမ်းဌာန၏ ဒါရိုက်တာ Pairoj Chotikasatien က နိုင်ငံတဝှမ်းမှာရှိသော ဒေသန္တရ အလုပ်အကိုင်အခွင့်အလမ်းဌာနများမှာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်နှင့် ပံ့ပိုးမှုဆိုင်ရာ စစ်တမ်းအပါ အဝင် ထိုင်းနိုင်ငံလုပ်သားများကို ခန့်အပ်ရေး ကူညီရန် သဘောတူညီမှုများကို ဆောင်ရွက်ထာပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်၏ ပြောကြားချက်တွင် အလုပ်ရှာဖွေနေသူများအတွက် အခွင့်အလမ်းများကို မြှင့်တင်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကို ကျင်းပသွားရန် ဌာနအနေဖြင့် စဥ်းစားလျှက်ရှိသည်ဟု ပါရှိသည်။

“အကယ်လို့သာ အလုပ်ရှာဖွေသူများဟာ နယ်ကျော် သွားရောက်ဖို့ လိုအပ်ပါက သူတို့ရဲ့ သွားလာရေးကိုလည်း အလုပ်သမားရေးရာအရာရှိများက ပူးပေါင်းဆောင်ရွက်ပါမည်”ဟု ပြောကြားခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်းဌာန၏ ဒါရိုက်တာက အလုပ်ရှာဖွေနိုင်ရန်အတွက် အလုပ်အကိုင်ရှာဖွေသူများကို ဌာန၏ ဝက်ဘ်ဆိုဒ်တွင် စာရင်းသွင်းရန် တိုက်တွန်းလိုက်ပြီး ၎င်းဝက်ဘ်ဆိုဒ်မှတဆင့် အလုပ်ရှင်များနှင့် အလုပ် ရှာဖွေသူများအကြား အလုပ်အကိုင်ရရှိမှုကိုက်ညီအောင်ပံ့ပိုးသည့် ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေး သွားမှာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ပါဝင်ပူးပေါင်းမည့် ပြင်ပအေဂျင်စီများက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၀၀,၀၀၀ ကျော်ကို ဖြည့်သွင်းထားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

အလုပ်သမားပြတ်လပ်မှုကြောင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံများနှင့် စိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် ကြီးမားစွာ ထိခိုက်ခဲ့ရပြီးဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဌာနအနေဖြင့် MOU စနစ်ဖြင့် ရွှေ့ပြောင်းလုပ်သားများကို တင်သွင်းနိုင်ရေးအတွက် ကိုဗစ် ၁၉ အခြေအနေစီမံအုပ်ချုပ်မှုစင်တာကို မေးမြန်းဆွေးနွေးပြီး သဘောတူညီနိုင်ခဲ့ပါသည်။

ကနဦးအပိုင်းအခြားတွင် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားဦးရေ ၅၀,၀၀၀-၈၀,၀၀၀ ဦးကို ကိုဗစ် ၁၉ ကန့်သတ် ချက်များနှင့်အတူ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref/Photo – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.