မော်လမြိုင်၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာ ၊ သင်တော်ကြီးရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်မှာ အမည်မသိ လူတစုက ဗုံးထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ညကတော့ အသံ အကျယ်ကြီးကြားတယ်။ စုံစမ်းကြည့်တော့ ဗုံးပေါက်တာတဲ့။ မနက်ကျမှ မိုင်တဲတာဝါတိုင်မှာ ဗုံးကွဲတာလို့ သိရတယ် ”လို့ ဘီလင်း ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်က ဗုံးခွဲဖျက်ဆီးတာ ခံခဲ့ရပါတယ်။

အဲဒီ Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့YPDF က ထုတ်ပြန်ပါတယ်။

ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်စလုံး ပြိုကျပျက်စီးတာ မရှိပေမယ့် တာဝါတိုင်အောက်ခြေက ဆက်သွယ်ရေးစက်ပစ္စည်းတွေ အားလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် ကို အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.