မော်လမြိုင်၊ စက်တင်ဘာ ၁၈
ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်အုပ်စုတို့ကြား ဒီလ နှစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကအယောက် ၇၀ သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
ဖာပွန်ခရိုင်အတွင်းမှ KNLA တပ်မဟာ ၅ နဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေနေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း(၁၂၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အယောက် ၇၀ သေဆုံးသွားခဲ့ပြီး ၉၁ ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ တပ်ခွဲမှူးတစ်ဦးလည်း ပါရှိပြီး စစ်အုပ်စုရဲ့ ရိက္ခာသယ် မြင်းနဲ့လား ၁၀ ကောင်သေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောတဲ့အကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ စစ်ကား ၁ စီးနဲ့ စက်ဘီး ၁ စီးပျက်စီးသွားခဲ့ကာ KNLA ဘက်က နှစ်ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောထားပါတယ်။
ဒါ့အပြင် စစ်အုပ်စု ဒေသခံပြည်သူတွေရဲ့ ခြံနဲ့ ဥယျာဉ်မြေထဲကို လက်နက်ကြီးနဲ့ အလုံးပေါင်း ၁၀၁ လုံးခန့် ပစ်ချပြီး ဒေသခံပြည်သူ အိမ်ယာ ၅ လုံးပျက်စီးသွားက အရပ်သားတစ်ဦးက စစ်အုပ်စုရဲ့မိုင်းနဲ့ ဒဏ်ရာအပြင်းအထန်းရရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ KNLA တပ်မဟာ နယ်မြေ ဖာပွန်ခရိုင်ထဲကို ကင်းထောက်လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး ဒီကနေ့အထိထက်တိုင် လာရောက်ထောက်လှမ်းနေဆဲဖြစ်တယ်လို့ ကေအဲန်ယူ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်