မော်လမြိုင်၊ စက်တင်ဘာ ၁၇
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံဒေသက စစ်ဘေးေရှာင်ပြည်သူအချို့နယ်မြေအခြေအနေလည်း တည်ငြိမ်လာတာကြောင့် ရပ်ရွာကိုပြန်လည်ရောက်ရှိနေထိုင်ကြပြီလို့ စစ်ရှောင်အရေး အကူအညီပေးနေသူေတွက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး ကျိုက်ဒုံဒေသ ကွင်းကလေး ကြိတ် ပိုင်ကလာဒုံစတဲ့ ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ထိုင်း- မြန်မာနယ်စပ်နဲ့ တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ဒီလိုစစ်ရှောင်နေရတဲ့ကာလ အတောအတွင်းမှာ စစ်ဘေးရှောင်အချို့ ကိုဗစ်ကူးစက်ခံရထားပြီး သေဆုံးတာတွေလည်း ရှိနေခဲ့တာပါ။
အခုအခါမှာတော့ နယ်မြေအခြေအနေလည်း တည်ငြိမ်လာပြီး ကိုဗစ်ကူးစက်ခံရတဲ့ စစ်ဘေးရှောင်အချို့လည်း ပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်လို့ တောထဲမှာရှောင်နေရတဲ့ စစ်ရှောင်တွေကတော့ ရွာကိုပြန်လည်၀င်ရောက်နေထိုင်ကြပြီလို့ စစ်ရှောင်အရေးကူညီပေးနေသူက ပြောပြပါတယ်။
“အခြေအနေကောင်းလာပြီ။ နည်းနည်းတော့သက်သာလာပြီပေါ့။ တောထဲကအဖွဲ့က ပြန်လာတာ သုံးလေးရက်ရှိပြီး။ သိသလောက်တော့ ပြန်လာကုန်ကြပြီ” လို့ စစ်ဘေးရှောင်ကို ကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် ထိုင်း- မြန်မာနယ်စပ်နေရာဘက်ကို ရောက်ရှိသွားတဲ့ စစ်ဘေးရှောင်တွေကလည်း လာမယ့်ရက်ပိုင်းတွေအတွင်းပြန်လာကြဖို့ရှိတယ်လို့ သိရပါတယ်။
ကေအဲန်ယူ ဒူးပလာယာခရိုင်မှာ KNLA နဲ့ စစ်အုပ်စုတို့ကြား သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ၀န်းကျင်ခန့် စစ်ဘေးရှောင်နေခဲ့ရပြီး စစ်ရှောင်နေရတဲ့အချိန်အတွင်း ကိုဗစ်ကူးစက်ခံရတာတွေ ရှိနေတာဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်
ပုံစာအညွန်း-တိုက်ပွဲကြောင့် ကရင်ပြည်သူတွေ တောထဲသွားပြီး စစ်ရှောင်ခဲ့ရစဉ်။