မော်လမြိုင်၊ စက်တင်ဘာ၊ ၁၇
အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ ရဲနဲ့ စစ်သားတွေကို လုံခြုံရေးချဖို့ စီစဉ်နေတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပစ်မှတ်ထားဖောက်ခွဲခံရနိုင်တဲ့ ဌာနဆိုင်ရာရုံးအချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေကို ကင်းလုံခြုံရေးချထားဖို့ စီစဉ်နေတာဖြစ်ပါတယ်။
” ဒီနောက်ပိုင်း ရုံးတွေကို ပစ်မှတ်ထားတာတွေ ရှိလာတယ်။ လွန်ခဲ့တဲ့ရက်တွေမှာလဲ ရုံးအချို့ဗုံးပေါက်ခွဲခံရတယ်။ အဲဒီအတွက် နောက်ပိုင်းမှာ လုံခြုံရေးကင်းချထားဖို့ တိုင်ပင်နေကြတယ်။ ရုံးအားလုံးတော့ မဟုတ်ဘူး။ ပစ်မှတ်ထားနိုင်တဲ့ ရုံးတွေပဲ လုံခြုံရေးချထားမယ်လို့ ပြောတယ်”လို့ Non CDM ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။
ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးကင်းချထားမယ့်အစီအစဉ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ စတင်ညှိနှိုင်းဆောင်ရွက်နေပြီး ဖြစ်ပါတယ်။
” လုံခြုံရေးချထားဖို့ စီစဉ်တာက ပြည်နယ်ကပါ။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတုန်းပါပဲ၊ ဝန်ကြီးဌာနဘက်က အကြောင်းပြန်လာတာကို စောင့်နေတယ်” လို့ Non CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးချထားမယ်ဆိုပါက အဲဒီရုံးနဲ့ ဝန်ထမ်းေတွအတွက် ပိုပြီး အန္တရာယ်ရှိလာနိုင်တဲ့အတွက် အောက်ခြေဝန်ထမ်းတွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ဌာနဆိုင်ရာရုံးတွေမှာ CCTV ကင်မရာများ တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။
သတင်း-သံလွင်တိုင်းမ်