ကျိုက်ထို၊ စက်တင်ဘာ ၁၈
ကျိုက်ထိုမြို့က အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၅) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ (၁၇)ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။
မနေ့ညပိုင်းမှာတော့ အထက(၁)ကျိုက်ထို ကျောင်းစာရေး မင်းကိုကို၊ ကျူ ရှင်သင်သူ ဦးညီညီနိုင်နဲ့ ခိုင်သစ္စာ အိမ်ဆောက်ပစ္စည်းဆိုင်မှ အသက်မပြည့်သေးသည့် ဇွဲထူးနိုင်အပါအဝင် စုစုပေါင်း ၅ ဦးခန့်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
“ကိုညီညီနိုင်အပါအဝင် ၅ ဦးလောက်ဖမ်းခံရတယ်လို့ သိရတယ်။ ကိုညီညီနိုင်က ဘာမှ လုပ်တဲ့သူမဟုတ်ပါဘူး။ စာသင်တာဘဲရှိတာ။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးကိစ္စတွေမှာ ဝင်ပါတာလဲ မတွေ့ရသလောက်ပါဘဲ။ ဘာကြောင့်ဖမ်းသွားလဲဆိုတာမသိရဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီလို ဝင်ဖမ်းချိန်မှာ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေနဲ့ Laptop Computer တွေကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့ရက်ပိုင်းမှာလည်း ကျိုက်ထိုက အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် လေးရက်အကြာမှာ အလောင်းလာယူဖို့ မိသားစုဝင်တွေကို စစ်ကောင်စီက အကြောင်းကြားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ပုံစာ – မတ်လအတွင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကျိုက်ထိုမြို့က သပိတ်စစ်ကြောင်း တစ်ခု