မော်လမြိုင် ၊ စက်တင်ဘာ ၁၈

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ ငွေသားထက် အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေက ပိုမိုများပြားလာတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တွေကပြောပါတယ်။

မြန်မာငွေကြေးတန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ နှစ်ထောင်ကျော် ပေးလဲရတဲ့အထိ ဆက်တိုက် ကျဆင်းနေသလို ရွှေဈေးတွေမှာလည်း တစ်ကျပ်သားကို ကျပ် (၁၈)သိန်းကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် ပိုင်ဆိုင်မှုရှိသူတွေဟာ ငွေသားနှင့်ရွှေကို မစုဆောင်းတော့ဘဲ အိမ်ခြံမြေတွေကိုသာ ဝယ်ယူစုဆောင်းနေတယ်လို့ ဆိုပါတယ်။

 “အခုဆိုရင် တိုင်းပြည်ကလည်း မငြိမ်မသက် ဆိုတော့ တချို့လူတွေက စိုးရိမ်တာပေါ့လေ ဘာကို စိုးရိမ်လည်းဆိုတော့ စစ်ဖြစ်မယ် ဘာညာပေါ့ ။ တချို့ လာဝယ်တဲ့သူတွေကြတော့ ဘယ်လိုပြောလည်းဆိုတော့ စစ်ဖြစ်ခဲ့ရင် ငွေတို့ရွှေတို့က သယ်သွားရင် သူခိုးဓားမြ ရန်တွေ ကြောက်ရတာပေါ့လေ။ မြေကွက် ဝယ်ထားရင် ဘာမှ ကြောက်စရာ မလိုဘူး အချိန်တန်လို့ စစ်ဖြစ်ရင် သူတို့ပြေးရပါစေ ကိုယ်မြေက ကျန်တာပေါ့။ အဲ့တာကြောင့်မို့ လက်ထဲမှာ ငွေရှိတဲ့ သူတွေက ဒီမြေလေးတွေကို အဝယ် များနေတာပေါ့”လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ကတော့ အရင်ကာလနှုန်းထားတွေလိုပဲ ဆက်ရှိနေပြီး ရောင်းသူနှင့် ဝယ်သူအကြား ကြိုက်ရောင်းကြိုက်ရောင်းနဲ့ အလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အများဆုံး ရောင်းရတာကတော့ ကျပ် သိန်း(၁၀၀) နှင့် ကျပ် သိန်း (၅၀၀) အကြား တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

အရင်က အိမ်ခြံမြေ ဝယ်ယူရာမှာ မြေကွက်လွတ်တွေကိုသာ အဝယ်များခဲ့ပြီး အခုနောက်ပိုင်း အိမ်ခြံမြေ ဝယ်ယူသူတွေကတော့ အိမ်ပါတာကို အဓိက ဦးစားပေး ဝယ်ယူနေတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင်တွေက ပြောပါတယ်။

“အခုက အိမ်ဝယ်တဲ့ သူတွေကြတော့လည်း အိမ်ပါတဲ့ဟာကို အဝယ်များတယ်၊ ဘာကြောင့်လည်းဆိုတော့ ဆောက်လုပ်ရေး ပစ္စည်းတွေ တန်းဖိုးတက်သွားတဲ့ အပေါ်မှာ ဝယ်တဲ့သူတွေက အိမ်ပါတဲ့ဟာကို သူတို့ စိတ်ဝင်စားတာ များတာပေါ့”လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးက ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေ ရောင်းဝယ်တဲ့ နေရာမှာလည်း ဘဏ်ကနေ ငွေထုတ်ယူမှု အခက်အခဲတွေကြောင့် ငွေလုံးငွေရင်း ပေးချေမှုက ဈေးနှုန်းတမျိုး ၊ ဘဏ်ကနေတဆင့် ပေးချေပါက ရာခိုင်းနှုန်းတိုးပြီး ဈေးနှုန်းတမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဌာနီရာမည အိမ်ခြံမြေ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.