လူငယ်တွေကို စစ်ကောင်စီ ပစ်မှတ်ထား စစ်ဆေးလာ

မော်လမြိုင်၊ စက်တင်ဘာလ ၁၆

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်ရာမှာ လူငယ်တွေကို ပစ်မှတ်ထား စစ်‌ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ဆေးခံခဲ့ရတဲ့ လူငယ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီညွှတ်ရေး အစိုးရ NUG က ခုခံတော်လှန်စစ်စတင်ကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး‌ေနာက် ပိတ်ဆို့စစ်ဆေးတာတွေ ပိုမိုပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

“အခုက လူခန္ဓာကိုယ်တွေပါ စစ်လာတာ အရင်က အဲ့လောက်ထိ မစစ်ဘူးလေ၊ ဂျင်းဘောင်းဘီနဲ့ အထဲမှာ ဘာပါလဲ သူတို့ကိုယ်တိုင် နိုက်တာတွေ ကိုယ်တိုင် နိုက်ပေးရတာတွေလုပ်ပေးရတယ်၊ အသက်ကြီးတဲ့ သူတွေဆိုရင် ဆိုင်ကယ်ဘောက်လောက်ပဲ ဖွင့်တာတို့ တချို့ဆို ဒီတိုင်းပဲ မေးလိုက်တာတို့ လူငယ်တွေဆို ၂ ယောက်သွားတာဖြစ်ဖြစ် သေချာတယ် သူတို့ပိုစစ်တာပေါ့နော်” လို့ စစ်ဆေးခံခဲ့ရတဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းပြည်နယ်တဝန်းမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပိုမို လုပ်ဆောင်လာသလို ညဘက် အင်အားအလုံးအရင်းနဲ့ ဧည့်စာရင်းစစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေတဲ့အချိန် စစ်ဆေးမခံဘဲ ကျော်သွားရင် သေနတ်ဖြင့် ပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပါတယ်။

“အမြဲတမ်းလိုလို စစ်‌ဆေးခံနေရတယ်၊ သူတို့တားနေတာကိုမမြင်ဘဲ ကျော်သွားရင်တော့ ပြသနာဖြစ်နိုင်တယ် အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ် အဲ့ဒါကိုပူပင်နေရတာပေါ့” လို့ မော်လမြိုင်‌ေဒသခံ လူငယ် တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌ေတွဟာ PDF တွေ ဝင်ရောက်‌နေတဲ့ သတင်းတွေကြောင့် ဥယျာဉ်ခြံလုပ်သား‌တွေရဲ့ ကိုယ်ရေးအချက်အလက် ကောက်ခံတာ၊ အိမ်ငှား စာရင်းကောက်ခံတာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းစီးခံရသူ ၄၄၀ ထက်မနည်းရှိလာပြီး၊စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.