မော်လမြိုင်၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ နာမည်ကြီး စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အသတ်ခံရပြီးတဲ့နောက် စစ်အုပ်စုတွေက ရှာဖွေဖမ်းဆီးမှု ပိုမိုတိုးမြင့်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့သတင်းပေးဒလန်တစ်ဦးလို့ နာမည်ကြီးနေတဲ့ တကောင်ငကွဲျခေါ် ကျော်ဇင်ဝင်းဟာ သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။

တကောင်ငကျွဲအသတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘားအံမြို့ပေါ်မှာ ရှာဖွေစစ်ဆေးတာတွေ ဖမ်းဆီးတာတွေ ပိုမိုတိုးမြင့်လုပ်ဆောင်လာခဲ့ပြီး လူပေါင်းများစွာကိုလိုက်လံဖမ်းဆီး ရှာဖွေခဲ့တာဖြစ်ကာ တချို့ကိုတော့ ပြန်လည်လွတ်ပေးခဲ့ပါတယ်။

ငကျွဲအသတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ လူလေးဦးကို ဖမ်းဆီးရမိထားပြီး အဲ့ဒီလေးဦးဟာ ငကျွဲအသတ်ခံရတဲ့အမှုမှာ ဆက်စပ်တယ်ဆိုတဲ့အကြောင်း ဒေသအာဏာပိုင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီအမှုကနေ ဖမ်းဆီးရမိသူတွေရဲ့ ကွင်းဆက်ကနေတစ်ဆင့် မနေ့ညပိုင်းက ဘားအံမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း မြို့ခံတစ်ဦးက ပြောပြပါတယ်။

“ညက ရပ်ကွက်ထဲလာပြီး လာဖမ်းသွားတာ။ ရဲကားတွေအများကြီးပဲ။ သူတို့လိုချင်တဲ့လူ မတွေ့လို့ အဲ့ဒီလူရဲ့ဆွေမျိုးသားချင်းတစ်ဦးကို ဖမ်းသွားတာ။ ကားဝင်းနားဘက်မှာလည်း ဖမ်းဆီးတာတွေကြားတယ်။ အခုတလော အဖမ်းအဆီးပိုစိပ်လာတယ်။ ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း အဖမ်းအဆီးတွေ ပိုမိုလုပ်ဆောင်နိုင်ခြေများမှာဖြစ်လို့ အဲ့ဒီအမှုက ဆက်စပ်ဖမ်းဆီးခံရသူတွေနဲ့ ရင်းနှီးထားသူတွေ၊ ဆက်စပ်သူတွေအနေနဲ့ကလည်း ကြိုတင်ရှောင်တိမ်းပြီး သတိပြုနေထိုင်ကြဖို့ မြို့ခံတစ်ဦးကလည်း ပြောပါသေးတယ်။

“အခုတလော လိုက်ဖမ်းနေမှာပဲ။ ကွင်းဆက်တွေကုန်မှ ခဏငြိမ်မယ့်သဘောရှိတယ်။ အဖမ်းဆီးခံရတဲ့သူတွေနဲ့ အဆက်အစပ်ရှိသူတွေ အကုန်ပါမယ့်သဘောပဲ”လို့ မြိုခံတစ်ဦးက ဆိုပါတယ်။

တကောင်ငကျွဲဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တသီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဘားအံကမ်းနားလမ်းစီမံကိန်းမှာ အဂတိလိုက်စားမှုရှိတယ်ဆိုပြီး တိုင်ချက်ဖွင့်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.