ကျိုက်ထို၊ စက်တင်ဘာ ၁၆
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လေးရက်အကြာမှာ ၄င်းအမျိုးသား သေဆုံးသွားပြီးလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့ပါတယ်။
အဖမ်းခံရသူဟာ ကျိုက်ထိုမြို့က NLD ပါတီအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်သီတာအေး၏ ခင်ပွန်းဖြစ်ပါတယ်။
စက်တင်ဘာလ ၁၂ရက်နေ့မှာ ဒေါ်သီတာအေးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးရာမှာ သူမကို မတွေ့လို့ ခင်ပွန်းဖြစ်သူ ဦးရန်နိုင်ဦးကို ဖမ်းဆီ ခေါ်ဆောင်သွားခဲ့တာပါ။
အဲ့ဒီလို ဖမ်းဆီးခံရပြီး လေးရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာ ဦးရန်နိုင်ဦး သေဆုံးသွားပြီးလို့ စစ်တပ်က မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။
“၁၂ ရက်နေ့ကတည်းက ဖမ်းသွားတာ။ လာဖမ်းတဲ့အချိန်မှာ သူမိန်းမကို လာဖမ်းတာ။ သူ့မိန်းမကိုမတွေ့လို့ သူယောင်္ကျားကို ဖမ်းသွားတာ။ ဖမ်းသွားတဲ့နေ့ကတည်းက ရိုက်နှက်ပြီးဖမ်းသွားတာ။ ခုတော့ သေသွားပြီဆိုပြီး သူတို့ဘက်က အကြောင်းကြားလာတာ။ ဘယ်နေ့ကတည်းက သေသွားမှန်းမသိဘူး”လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ NLD ပါတီဝင်တွေ၊ အားပေးထောက်ခံသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်တိုက်အားတိုက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီကနေ့အထိ ဖမ်းဆီးခံရသူ ၈၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူကတော့ (၁၁၀၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်