မော်လမြိုင်၊ စက်တင်ဘာလ ၁၆
မွန်ပြည်နယ်မှာ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ပြည်နယ် အတွင်းက တိုင်းရင်းသားများဖြင့် မွန်ပြည်နယ်ကာကွယ်ရေးတပ် MSDF ကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းကြောင်း MSDF က ထုတ်ပြန်ကြေငြာပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ အညီ စစ်ကောင်စီကို ရရာလက်နက် ဆွဲကိုင်ပြီး တော်လှန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
MSDF အဖွဲ့က စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက ပြည်သူတွေအပေါ် မတရားသတ်ဖြတ် နှိပ်စက်တာကို ကာကွယ်ဖို့ နဲ့ စစ်ကောင်စီ တပ်တွေရဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယင်းအပြင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား ချုပ်ငြိမ်းအောင်ဆောင်ရွက်ဖို့၊ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေက ပြည်သူရင်ခွင်ခိုလှုံလာအောင် စည်းရုံဆောင်ရွက်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်ရာမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်ဖို့ အတွက် မြို့နယ်တိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပျောက်ကြားစနစ်နဲ့ တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်