ကျိုက်ထို၊ စက်တင်ဘာ ၁၇
ကျိုက်ထိုမြို့နယ်၊ ကင်မွန်ချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီးနောက် ဝမ်းရေးအတွက် တောထဲသွားပြီး ရှာဖွေစားသောက်ဖို့ စိုးရိမ်ကြောက်လန့်နေရတယ်လို့ တောင်ပေါ် ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ကျိုက်ထီးရိုးတောင် ရေတံခွန်လမ်း ဝိဇ္ဇာတောင်အနီးမှာ တောတွင်းမျှစ်ချိုးသွားတဲ့ လူငယ်တစ်ဦး မြေမြှုပ်မိုင်းထိပြီး ခြေထောက်ဒဏ်ရာရှိခဲ့ပါတယ်။
“အခုက မိသားစုအားလုံးနီးပါး စားဝတ်နေရေး အခက်အခဲနေတယ်၊ တောထဲသွားဖို့ကလည်း ဟိုတလောက မျှစ်သွားချိုးတဲ လူငယ်တစ်ယောက် မိုင်းထိထားတော့ ကြောက်နေကြတယ်၊ဘယ်သူမှလည်း မသွားရဲကြတော့ဘူး”လို့ တောင်ပေါ်နေ ဒေသခံ တစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။
ပုံမှန်အားဖြင့် တောင်ပေါ်နေ ဒေသခံတွေဟာ ဘုရားဖူးရာသီမှာ ပျံကျဈေးရောင်းတာ၊ ဒေသထွက် ပစ္စည်းတွေ ရှာဖွေရောင်းချတာတွေ လုပ်ကိုင်ကျသလို မိုးရာသီ ဘုရားဖူးပိတ်ချိန်မှာတော့ တောတွင်း မျှစ်ချိုး၊ ဝါးရှာ၊ သစ်မြစ်သစ်ဖုတွေ ရှာဖွေ ရောင်းချတာတွေ လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်နေ ဒေသခံတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘုရားဖူးလာသူမရှိသလောက်နည်းပါးလာလို့ မိသားစု ဝမ်းရေး ဖြေရှင်းဖို့ အခက်အခဲ ရှိလာကြပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးတောင်အနီး ပတ်ဝန်းကျင်နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာတော့ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အား ၂၀ ခန့်က လာရောက်တပ်စွဲပြီး နေထိုင်နေကြပါတယ်။
သတင်း- သံလွင်တိုင်းမ်