မော်လမြိုင်၊ စက်တင်ဘာလ ၉

အာဏာ ဖီဆန်ရေး CDM ဝန်ထမ်းများအနေနဲ့ လက်ရှိမှာ အခြေခံစားသောက်ကုန် ကြီးမြင့်မှု ကြားကနေ နေ့စဉ်စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ Covid တတိယလှိုင်းတွေကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်တာ ၊လမ်းခရီးအခက်အခဲတွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေကြောင့် ကုန်ပစ္စည်း စျေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။

“စားဝတ်နေရေးကတော့ အရင်က စုဆောင်းထားတဲ့ ဟာတွေကို ထုတ်ရောင်းပြီး စားနေရတယ်၊ ကုန်စျေးနှုန်းတွေကလည်း မြင့်နေတော့ လွယ်တော့ မလွယ်ဘူး ” လို့ အိမ်ထောင်ဦးစီး CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်ပက တင်သွင်းရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ စျေးမြင့်တက်နေသလို ပြည်တွင်း အခြေခံစားသောက်ကုန်ပစ္စည်းတွေကလည်း စျေးမြင့်တက်နေတာပါ။

“ကုန်‌ဈေးနှုန်းက ဆက်တိုက်တက်နေတာ၊ အိမ်ခြံကွက်မှာ သီးနှံတွေ စိုက်ပြီး စားနေရတယ်၊စျေးဖိုးကို တော်တော်ချွေတာနေရတယ်၊ရေရှည်ဆိုရင် မရှိ ရှိတာ ရောင်းပြီး စားရမှာပဲ ” လို့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရ NUG ကတော့ နွေဦးထီ ရောင်းချနေပြီး ရောင်းချငွေရဲ့ ၇၀ % ကို CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးသွားဖြစ်တယ်လို့ ပြောထားပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေကို ထောက်ပံ့တဲ့ ဘဏ်အကောင့်တွေ ၊ E.money အကောင့်တွေကို ပိတ်တာအပြင် ဖမ်းဆီးတာ‌ထောင်ချတွေကိုလည်း ဆက်တိုက် ပြုလုပ်လာနေပါတယ်။

သတင်း- သံလွင်တိုင်းမ်
ပုံစာအညွန်း- CDM ဝန်ထမ်းတွေ နေအိမ်လိုင်းခန်းတွေကနေ ဆင်းပေးရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.