မော်လမြိုင် ၊ ဧပြီ (၂၄)

ညမထွက်ရအမိန့်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်ခဲ့လို့ အရှုံးပေါ်နေတယ်လို့ ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။

နိုင်ငံတဝှမ်းက မြို့ကြီးတွေအပြင် အဝေးပြေးကားလမ်းတွေမှာပါ ည (၈)နာရီကနေ မနက် (၄)နာရီ အတွင်း အပြင်မထွက်ဖို့ အကြမ်းဖက်စစ်အုပ်စုက အမိန့်ထုတ်ပြန်ထားပါတယ်။

အခုလို အခြေအနေတွေကြောင့် ခရီးမတွင်တဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမိုမြင့်တက်ခဲ့လို့ လုပ်ငန်းရှင်တွေက အရှုံးပေါ်နေပါတယ်။

“အရင်ကဆို ခရီးက အဲလောက်မကြာဘူး။ စရိတ်လည်း မကြီးဘူး။ အခုက ညမထွက်ရအမိန့်ထုတ်တယ်။ မြိုတွင်းပဲလားဆိုတော့ မဟုတ်ဘူး။ အမြန်လမ်းက ကားတွေရောဆိုတော့ ဘယ်လိုလုပ်မလဲ။ သူတို့ထုတ်တဲ့အမိန့်နောက်မှာ ထိခိုက်တာတွေမှ အများကြီး။ တစ်ရက်ခရီးက သုံးရက်ဖြစ်မယ်။ စရိတ်က ကြီးလာတယ်။ ဈေးကွက်မှာကျတော့ ရောင်းအားက ကျနေတယ်”လို့ ကြက်သွန်ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိစျေးကွက်မှာ ကြက်သွန်အသစ်တွေ ရှိလာပြီးဖြစ်ပေမယ့် အခုချိန်ထိ ကြက်သွန်အဟောင်းတွေက ရောင်းမကုန်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကာလတူနှိုင်းယှဉ်ရင် ယခင်က ကြက်သွန်နီ တစ်ပိဿာကို ကျပ် (၁၂၀၀) အထိ စျေးရခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် (၄၅၀) ကနေ (၅၀၀) ကျပ်အတွင်းသာ ပေါက်စျေးရနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.