တော်လှန်သင်္ကြန် အကြိုနေ့ မြင်ကွင်း ( photo - credits)

ဧပြီ နွေလယ်မှာ ××× ရင်ခုန်ပျော်ရွှင်စရာ ဒီသင်္ကြန် ×××× တစ်နှစ်တစ်ခေါက် ရောက်လို့လာ ××× အားလုံးရဲ့ နှစ်သစ်ချိန်မှာ ××××

သင်္ကြန်သီချင်းတွေ ဟိုမှာသည်မှာ ကြားလာရပြီ။ လူမှုကွန်ယက်ပေါ်မှာလည်း သင်္ကြန်အငွေ့အသက်တွေ ၊ အမှတ်တရတွေ တဖန်ပြန်လည် နိုးထလာပြီ။

ဧပြီလ (၁၃)ရက်နေ့ဖြစ်တဲ့ ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်အကြိုနေ့ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ သင်္ကြန်ပွဲတော်ရဲ့ အငွေ့အသက်တွေ မရှိနေပါဘူး။

ရေပြွတ်တွေ ရေပိုက်တွေ ၊ ကားတွေနဲ့လှည့်လည်ပြီး သင်္ကြန်ရေ စိုရွှဲနေသူတွေ ၊ ကိုယ်စီပျော်ရွှင်ပြီး ကခုန်နေသူတွေ အဲ့ဒီပုံရိပ်တွေအစား ပစ်ခတ်သံတွေ ၊ အသက်လုပြေးသံတွေ ၊ ကြွေးကြော်သံတွေက အစားထိုး ဝင်ရောက်နေပါတယ်။

သင်္ကြန်အကြိုနေ့ မော်လမြိုင်မြို့က တော်လှန်သင်္ကြန်မြင်ကွင်း

မနှစ်ကတော့ ကိုဗစ်-၁၉ ကြောင့် ၊ ဒီနှစ်ကတော့ အာဏာသိမ်း စစ်တပ်ကြောင့် မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို မဆင်နွှဲ နိုင်ခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်းကစပြီး ပစ်ခတ်မှုတွေ ၊ လူသေဆုံးမှုတွေနဲ့ မနက်ခင်းတိုင်း မျက်နှာသစ်နေရတဲ့အတွက် မပျော်နိုင်တော့ဘူးလို့ မော်လမြိုင်မှာနေတဲ့ ကိုသန့်စင်က ဆိုပါတယ်။

“ဒီကာလမှာ ဘယ်လိုစိတ်မျိုးနဲ့ ပျော်ရမှာလဲ ။ လူငယ်တွေ လမ်းပေါ်ထွက်နေတယ် ။ သေတဲ့သူလည်း သေကုန်ပြီး။ မပျော်နိုင်ပါဘူးဗျာ”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေ ပြုလုပ်နေရင်းနဲ့ပဲ သင်္ကြန်ပွဲတော်ကို ကျင်းပဖို့ စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမယ့် နေပြည်တော် ၊ မန္တလေးက သင်္ကြန်မဏ္ဍာပ်တွေကို ဆောက်လို့ မပြီးခင်မှာပဲ စိတ်ပြောင်းပြီး စစ်ကောင်စီက ပြန်ဖျက်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာလည်း သင်္ကြန်မဏ္ဍာပ်တွေ ဆောက်လုပ်ထားတာကို မတွေ့ရပါဘူး။

ဒီနှစ်သင်္ကြန်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ သင်္ကြန်မတိုင်ခင်မှာ လူငယ်တွေက ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းခဲ့ကြပါတယ်။

လူထုကလည်း သင်္ကြန်အကြိုနေ့မှာ အတာအိုးနဲ့ သင်္ကြန်ကို ကြိုဆိုခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အတာအိုးပေါ်မှာ လက်သုံးချောင်ထောင် သင်္ကေတတွေ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး နှိုးဆော်စာတွေ ရေးဆွဲခဲ့ကြပါတယ်။

လူငယ်အစုအဖွဲ့တွေကလည်း ရေပက်ခံ ထွက်မယ့်အစား မော်လမြိုင်ရဲ့ လမ်းတွေပေါ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ဒီနှစ်သင်္ကြန်ကတော့ အပျော်အပါးတွေ မပါတဲ့ တော်လှန်သင်္ကြန်ပါ ။ ကျွန်တော်တို့ စစ်အာဏာရှင်တွေကို ဆက်လက် ဆန့်ကျင်နေမှာပါ။ ကျဆုံးသွားသူတွေအတွက် အလှူအတန်း ကုသိုလ်ပြုမယ်။ စစ်တပ်ကို ဆက်လက်သပိတ်မှောက်မယ်”လို့ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေတဲ့ ကိုသန့်စင်က ပြောပါတယ်။

စစ်ကောင်စီကတော့ သင်္ကြန်မတိုင်ခင် ကာလမှာကတည်းက မြို့ပေါ်သတ်ဖြတ်မှုတွေအပြင် တိုင်းရင်းသားဒေသတွေထံ ထိုးစစ်ဆင်တာတွေကိုလည်း ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ (၉)ရက်နေ့ ပဲခူးမြို့က ဆန္ဒဖော်ထုတ်မှုကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့လို့ တစ်နေ့တည်း ကျဆုံးသူ (၈၀) ဦးထက် မနည်းရှိခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွေကို ဖြိုခွင်းရာမှာ လူစုကွဲစေရုံသာမက ရည်ရွယ်ချက် ရှိရှိနဲ့ ဦးခေါင်းတွေကိုပါ ချိန်ရွယ်ပစ်ခတ်ခဲ့တာတွေကိုလည်း ရုပ်သံမှတ်တမ်းတွေမှာပါ တွေ့မြင်ရမှာပါ။

ဒါကြောင့်လည်း ကာတွန်းဆရာတချို့က  “သိကြားမင်းလည်း မနှစ်က ကိုဗစ်ကူးမှာစိုးလို့ ၊ ဒီနှစ်တော့ စနိုက်ပါနဲ့ အပစ်ခံရမှာစိုးလို့ လူ့ပြည်မဆင်းတော့ဘူး”ဆိုတဲ့ ကာတွန်းဆွဲပြီး စစ်အုပ်စုကို သရော်ထားပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း သင်္ကြန်မိုးတွေရွာပြီး ပိတောက်ပန်းတွေ ပွင့်ခဲ့လို့  ပိတောက်သပိတ်ကို လူထုက ဆင်နွှဲခဲ့ပါသေးတယ်။

ယခုနှစ် သင်္ကြန်ကိုတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေကြော်သံတွေနဲ့ ရေမစို တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းဖို့ လူထုက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.