“ကျွန်တော့်နေအိမ်မှာ ကျွန်တော့်ကို ရှာတဲ့အခါ ကျွန်တော့်ပစ္စည်းတွေလည်း မွှေနှောက်ခံခဲ့ရသလို မိသားစုဝင်တွေကိုလည်း ဖမ်းဆီးခဲ့တယ်”

မတရားဖမ်းဆီးမှုများ ခပ်စိတ်စိတ်ကြားလာသည်နှင့်အမျှ ယင်း၏နောက်ဆက်တွဲဖြစ်စဉ်မှာ လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ရှိလာခြင်းဖြစ်သည်။

နေအိမ်ကို အင်အားသုံးဝင်ရောက်မှု၊ ခြိမ်းခြောက်မှု၊ အင်အားသုံးဖမ်းဆီးမှု၊ နေအိမ်တွင်းရှိ ပစ္စည်းများကို လိုသလို ချိုးဖျက်ရှာဖွေမှု၊ မသက်ဆိုင်သူများအပေါ် ဖိအားပေးအကြပ်ကိုင်မှုစသည့်ဖြစ်ရပ်တို့မှာ စစ်အာဏာသိမ်းပြီး တစ်လအကြာ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခြင်းမှ အစပြုခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတိုင်းတွင် လူစုလူဝေးနှိမ်နင်းမှုများကို နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်သည်ဟု ပြောတတ်သော်လည်း မြေပြင်တွင်မူ ထိုကဲ့သို့ မဟုတ်ပေ။

ငြိမ်းချမ်းစွာစုဝေးစမှာတွင်ပင် အနည်းဆုံး ကား(၁၀)စီးထက်မနည်းပါဝင်သည့် စစ်သားနှင့် ရဲတို့သည် ကားပေါ်က မဆင်းခင်မှာပင် ပစ်ခတ်မှုကို စတင်ခဲ့သည်။ ထိုကဲ့သို့တပြိုင်နက်ထဲတွင်ပင် ကားကို အရှိန်ပြင်းမောင်းနှင်ကာ တိုက်ခိုက်ခြင်း၊ အနီးဝန်းကျင်တွင်ရှိသည့် ဆန္ဒဖော်ထုတ်မှုနှင့် မသက်ဆိုင်သည့် သူများကိုပါ အတင်းအဓမ္မဖမ်းဆီးခြင်းများကိုပါ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ဖေဖော်ဝါရီ ၂၈ မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်မှုကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့လို့ ကျဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့သည်။

ထိုအဖြစ်အပျက်နဲ့ပတ်သက်​ပြီး မော်လမြိုင်မြို့ဆန္ဒဖော်ထုတ်ပွဲများတွင် တက်ကြွစွာပါဝင်လေ့ရှိသည့် ကိုကျော်ဇေယျက မျက်မြင်တွေ့ရှိချက်တွေကို ယခုလို ပြောပြသည်။

“သူတို့က လာပြီဆိုတာနဲ့ ကားကို လူအုပ်ထဲ အရှိန်တင်မောင်းလိုက်တယ်။ ကားပေါ်ကနေ ဆက်တိုက်ပစ်ခတ်တယ်။ သေနတ်ဒဏ်ရာမှန်တဲ့သူတွေလည်းရှိလာတယ်။ ဆန္ဒပြပြည်သူတွေက ပြေးလွှားတဲ့အခါ အချို့အိမ်တွေထဲကို ပြေးဝင်မိတာရှိတယ်။ ဒီလိုအိမ်တွေဆိုမှတ်ထားတယ်။ အိမ်ရဲ့ ပြတင်းတံခါးတွေကို ခွဲပစ်တယ်။ အိမ်ရှင်တွေကို ခြိမ်းခြောက်တယ်။ ရန်ပြုတယ်”

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုကို ဖြိုခွင်းသည့်နေ့တွင် ဆန္ဒဖော်ထုတ်သူများသာမက မသက်ဆိုင်သူများကိုပါ လိုသလို ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်တော့သည်။

မတရားဖမ်းဆီးမှုတွင်လည်း ဖမ်းဆီးခံရသူများက ကောင်းစွာထုချေလျှောက်ထားခွင့်မရသည့်အပြင် ထောင်တွင်း တရားရုံးဖွင့်ကာ ပြစ်ဒဏ်ချမှတ်သလို သံလွင်တိုင်းမ်မှ စုံစမ်းသိရသည်မှာ ဖမ်းဆီးခံအတော်များများမှာ ရိုက်နှက်မှုများလည်း ခံရသည်။

ဖမ်းဆီးစစ်ဆေးခံရသည့် နေအိမ်ဝန်းကျင်အတော်များများမှာလည်း ဒုက္ခမျိုးစုံကို ခံကြရသည်။ အိမ်အထိ ဝင်ရောက်ရှာဖွေခြင်းများပြုလုပ်ရုံသာမက ပတ်ဝန်းကျင်များအတွက်ပါ အ‌နှောင့်အယှက်ပြုရန် နေ့စဉ်အင်အားသုံးပြီး လှည့်ပတ်ရှာဖွေခြင်းများကိုလည်း ပြုလုပ်နေခဲ့သည်။

အဖမ်းခံရသူတွေသည် ရှေ့နေအပါအဝင် မိသားစုတွေနှင့်ပါ တွေ့ခွင့်မရဘဲ ညှင်းပန်းနှိပ်စက်တာတွေကိုလည်း ရင်ဆိုင်နေရသည်။

အချို့ဖမ်းဆီးခံရမှုတွင် မည်သည့်လှုပ်ရှားမှုတွင်မှ တစုံတရာမပါဝင်သည့် မိသားစုဝင်များ၊ အချို့ပုဂ္ဂိုလ်များ၏ ဇနီး၊ သားသမီးများကိုလည်း လိုသလိုဖမ်းဆီးမှုများပြုလုပ်လာနေသည်။

တိမ်းရှောင်နေရသည့် ကိုအောင်မျိုး (အမည်လွှဲ)၏ ဇနီးဖြစ်သူမှာလည်း မတရားဖမ်းဆီးခြင်းခံခဲ့ရသလို ငွေကြေးတောင်းခံမှုတွေလည်း ကြုံတွေ့ခဲ့ရသည်ဟု သံလွင်တိုင်းမ်ကို ပြောပြသည်။

“ကျွန်တော့်နေအိမ်မှာ ကျွန်တော့်ကို ရှာတဲ့အခါ ကျွန်တော့်ပစ္စည်းတွေလည်း မွှေနှောက်ခံခဲ့ရသလို မိသားစုဝင်တွေကိုလည်း ဖမ်းဆီးခဲ့တယ်”

မော်လမြိုင်မြို့၏ လမ်းတွေပေါ်က ဆန္ဒဖော်ထုတ်မှုများကို မြင်တာနှင့် ပစ်ခတ်နှိမ်နင်း၊ နေအိမ်အတွင်း အင်အားသုံးဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲများတွင် ဆန္ဒပြပွဲတွေ ဘယ်လိုနည်းပါးသွားကြောင်းပြောနေသော်လည်း မွန်ပြည်နယ်တဝှမ်းရှိ ဆန္ဒပြမှုများမှာ ဒီကနေ့အထိ လျော့ကျခြင်းမရှိသေးပေ။

“ကျွန်တော်က ဆန္ဒပြဖို့ တစက်မှ ဝန်မလေးဘူး။ နေ့တိုင်းလည်း ဒီစစ်အုပ်စုကို ဘယ်လိုဆန့်ကျင်ရမလဲပဲတွေးနေတာ။ သို့သော် ဒီလူတွေက ကျွန်တော့်ကို ဖမ်းလို့မမိတာနဲ့ မိသားစုတွေကို လိုက်လံဖမ်းဆီး ဒုက္ခပေးနေတာမျိုးလုပ်တော့ လုပ်သာလုပ်နေရတယ်။ အနောက်က မိသားစုကိုလည်း ပြန်ကြည့်ရသေးတယ်”လို့ လူငယ်တစ်ဦးဖြစ်တဲ့ စိန်လင်းက ပြောသည်။

စစ်အာဏာသိမ်းအုပ်စု၏ ဆိုးရွားတဲ့ဆောင်ရွက်ချက်များထဲတွင် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးနေသလို စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်နေသည့်သူများ၏ နေအိမ်များ၊ မိသားစုဝင်များကို ဒုက္ခပေးနေသည်မှာလည်း အတော်ပင်ဆိုးရွားသည်ဟု ကိုစိန်လင်းက ပြောသည်။

ဆန္ဒဖော်ထုတ်သူတွေကို ကျည်အစစ်တွေနှင့် ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဒဏ်ရာရသူ အမြောက်အများရှိပြီး မွန်မှာ ကျဆုံးသူ (၈)ဦး ရှိပြီး ဖြစ်သည်။

မနက်မိုးလင်းသည်မှ ညနေခင်းအထိ အင်အား (၂၀၀)ခန့်ပါသော စစ်အုပ်စု၏ စစ်သားနှင့် ရဲများက မြို့အတွင်း တောက်လျှောက်လှည့်နေနေခြင်း၊ လိုအပ်သလို ရပ်တန့်ကာ ကား၊ ဆိုင်ကယ်များကို ရပ်တန့်စေကာ ရှာဖွေစစ်ဆေးခြင်း၊ မိုလ်ဘိုင်းဖုန်းများကို ဖွင့်ခိုင်းကာစစ်ဆေးခြင်းများအပြင် ညနေရောက်သည်နှင့် လမ်းအတော်များများကို ပိတ်ဆို့နေကြကာ မည်သူကိုမဆို စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် လုံခြုံမှုနှင့် ပတ်သက်ပြီး အာမခံချက်မရှိကြောင်းလည်း မြို့သူ/သားတွေကပြောသည်။

“ကျွန်တော့်ဆိုင်ကယ်ထဲမှာ ဝက်အူလှည့်က အမြဲထည့်ထားတာ။ ဆိုင်ကယ်တစ်ခုခုဖြစ်ရင် ပြင်ဖို့၊ သူတို့စစ်တာနဲ့ ကြုံတော့ ဒီလိုချွန်ထက်တဲ့ အရာတွေ ယူဆောင်ခွင့်မပြုဘူးလို့ ပြောတယ်။ ဆန်အိတ်တွေကိုလည်း ဓါးနဲ့ခွဲပြီး ရှာတယ်။ လုံးဝလုံခြုံမှုမရှိဘူး။”ဟု ကိုအောင်မျိုးက ပြောသည်။

အချို့မှာလည်း ဆိုင်ကယ်အတွင်း ပါသည့် ပိုက်ဆံများကို စစ်သားတွေက ခြိမ်းခြောက်ယူဆောင်သွားသည်ဟု ပြောပြကြသည်။

မော်လမြိုင်မြို့အတွင်း ဖိနှိပ်အကြမ်းဖက်မှုများပြုလုပ်နေသည်နှင့်အတူ အခြားတဖက်တွင်လည်း ညမိုးချုပ်သည်နှင့် နေရာအစုံက ကြားလာရသည့် ပေါက်ကွဲမှုမှာလည်း မြို့သူ/သားများအတွက် ထိတ်လန့်စရာဖြစ်နေသည်။ ပေါက်ကွဲမှုများမှာ ညမထွက်ရအမိန့်ထုတ်ထားပြီး တစ်မြို့လုံးတွင် ရဲနှင့် စစ်သားက နေရာချ တပ်စွဲထားပြီးသည့် အချိန်များတွင်မှ ပေါက်ကွဲလာခြင်းကလည်း မြို့သူ/သားများအတွက် နားလည်ရခက်နေသည်။

“ပုံမှန်ဆို ည(၈း၁၅)ဆိုတာနဲ့ ပေါက်ကွဲသံကြားရတယ်။ ပြီးရင် သေနတ်သံကြားရတယ်။ တချို့ရက်တွေဆို ည (၉)နာရီနောက်ပိုင်းမှာ အသံကြားတယ်။ တစ်ရက်ကတော့ ည (၁၁)နာရီခွဲမှာ ပေါက်ကွဲသံကြားတယ်။ ညမထွက်ရ အမိန့်ဖြစ်တဲ့ ည(၈)နာရီ နောက်ပိုင်းချည်းပဲ ပေါက်ကွဲသံကြားတာ။ ပေါက်ကွဲသံကြားပြီးတာနဲ့ နောက်နေ့မှာ ပေါက်ကွဲသံကြားတဲ့နေရာလို့ ဆိုပြီး အိမ်တွေကို တက်ရှာတာ၊ ဝင်ရောက်တပ်စွဲတာတွေ လုပ်‌တော့တာပဲ” ဟု မြို့နေ မအေးဝင့်သူက ပြောသည်။

ဆိုးရွားသော အကြမ်းဖက်သတ်ဖြတ်မှု၊ အချိန်မရွေးပစ်ခတ်သံတွေနဲ့အတူနေထိုင်ရမှု၊ ညအခါပေါက်ကွဲသံကြားမှုနှင့် နောက်ဆက်တွဲ ရှာဖွေစစ်ဆေးမှု၊ မတရားဖမ်းဆီးခံရကာ မသက်ဆိုင်သူများအပေါ်တွင်ပါ ဖမ်းဆီးမှု ကျူးလွန်နေခြင်းစသည့်ဖြစ်စဉ်များက မော်လမြိုင်မြို့လူထု၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေသော်လည်း မော်လမြိုင်မြို့၏ လူထုဆန္ဒဖော်ထုတ်မှုများက နည်းမျိုးစုံအသုံးပြုနေဆဲဖြစ်သည်။

ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မည်သူတစ်ဦးတစ်ယောက်ကမှ အာမခံချက်မရှိနေသေးသည့်အတွက် မြို့လူထု၏ စိုးရိမ်မှုက အတိုင်းအဆမရှိပေ။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ဆံထိမှန်ခဲ့သည့် အသက်(၂၁)နှစ်အရွယ်မောင်တောက်ထွန်းသည် မတ်လ(၁၆)ရက်နေ့တွင် ဒဏ်ရာများဖြင့် ကျဆုံးခဲ့သည်။

စစ်အာဏာသိမ်းအုပ်စုက ဖေဖော်ဝါရီလ (၂၈)ရက်နေ့အကြမ်းဖက်ဖြိုခွင်းမှုမှ စတင်ပြီး မောင်တောက်ထွန်းနည်းတူ မွန်ပြည်နယ်မှ (၈)ဦးက မတရားသဖြင့် အသက်ပေးခဲ့ရသည်။

စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် အရပ်သားတစ်ဦးဖြစ်တဲ့ အသက်(၁၁)နှစ်အရွယ် မအေးမြတ်သူ ကျည်ထိမှန် သေဆုံးခဲ့သည်။

မောင်တောက်ထွန်း ကျည်ထိမှန်သည့်နေ့တွင် တစ်ရက်ထဲသေဆုံးခဲ့ရသူ မောင်ဇင်မျိုးသူနှင့် မတ်လ(၃)ရက်နေ့က သေဆုံးခဲ့ရသူ မောင်ထက်ဝေထူးတို့မှာ ဦးခေါင်းပွင့်ထွက်အောင် ပစ်သတ်ခံခဲ့ရသော်လည်း မိသားစုဝင်များထံသို့ တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမှ လာရောက်တွေ့ဆုံပြီး တစ်စုံတရာပြောဆိုခဲ့ခြင်းမရှိခဲ့သလို အခြားသော ပုံစံအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုမှာ မရရှိခဲ့ပေ။

စစ်အုပ်စုကတော့ အကြမ်းဖက်သတ်ဖြတ်မှု၊ အကြမ်းဖက် ဖြိုခွင်းမှု၊ အကြမ်းဖက်ဖမ်းဆီးမှုများ၊ အကြမ်းဖက်ခြိမ်းခြောက်လုယက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယင်းတို့လုပ်ရပ်အတွက် တစ်စုံတစ်ရာ တာဝန်ခံမှု မရှိသလို အရေးယူခံရမှုလည်း မရှိနေသေးပေ။

မောင်တောက်ထွန်းအတွက် အများပြည်သူတို့က မတရားခံရတာပါဟု စာတန်းရေးသားပြီး ယင်းတို့၏ ဆန္ဒကို ဖော်ထုတ်ပြနေခဲ့သည့် ပုံရိပ်သည် ယခုအခါ မော်လမြိုင်မြို့သူ/သားများအအပေါ် ထင်ဟပ်နေခဲ့သည်။

မော်လမြိုင်မြို့သူ/သားတို့ မတရားခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် မည်သူတွေက တာဝန်ခံပြီး တာဝန်ယူဖြေရှင်းပေးမလဲဆိုတဲ့ မေးခွန်းတစ်ခုမှာ ဖြေရခက်ခဲနေသေးသည်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.