မော်လမြိုင် ၊ ဇန်နဝါရီ (၂၉)

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံတဲ့အခါ အဆင်သင့်ဖြစ်အောင် မွန်ပြည်နယ်က ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော်ကို စာရင်း ကောက်ယူပြီး ကျန်းမာရေးဝန်ကြီးဌာနထံ ပေးပို့ထားပါတယ်။

အိန္ဒိယက ချစ်ကြည်ရေးလက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေကို ဇန်နဝါရီလ (၂၇)ရက်နေ့မှာ စတင်ခဲ့တာပါ။

ကနဦးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံခဲ့တာဖြစ်ပြီး နောက်တဆင့်အနေနဲ့ အစိုးရ အရာရှိတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ သက်ကြီးရွယ်အိုတွေနဲ့ ဝန်ထမ်းတွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မွန်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာ သင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော်ကို စာရင်းကောက်ယူပြီး ကျန်းမာရေးဝန်ကြီးဌာနထံ တင်ပြထားတယ်လို့ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က ပြောပါတယ်။

“တီချယ်တို့မှာက ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြိုနယ်ရုံး ရုံးအနေနဲ့ အားလုံးပေါင်း ၁၃ရုံးရှိပြီးတော့ အခြေခံပညာကျောင်းအနေနဲ့ ၁၅၁၁ကျောင်းရှိတယ်။ ရှိတော့ အဲမှာ စီမံရေးရာရော၊ ဝန်ထမ်းရေးရာရော အားလုံးပေါင်းက ၁၈၀၀၀ကျော်ရှိပါတယ်။ ဒီ ၁၈၀၀၀ကျော်သော ဝန်ထမ်းများရဲ့ စာရင်းဇယားများကို သတ်မှတ်တဲ့ပုံစံအတိုင်း တီချယ်တို့ ပေးပို့ထားပြီးဖြစ်ပါတယ်ရှင့်”လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ကျောင်းတွေကို ပြန်လည်ပိတ်ထားရတာလည်း (၁)နှစ် နီးပါး ကြာမြင့်နေပြီး ဖြစ်ပါတယ်။

ကျောင်းတွေ ဘယ်အချိန်ပြန်ဖွင့်ရမယ်မှန်း မသိပေမယ့် ဖွင့်တာနဲ့ အဆင့်သင့် စာသင်ကြားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေါက်တာချိုချိုမြတ်အောင်က ဆိုပါတယ်။

“အခု ကျွန်မတို့ လက်ရှိအခြေအနေမှာတော့ ပုံမှန်ဆောင်ရွက်ထားတဲ့ အနေအထားထက်ကို နည်းနည်းလေးပိုပြီး တကယ်လိုများ ကျွန်မတို့ ကျောင်းတွေဖွင့်ဖို့ ကျန်းမာရေးအခြေအနေက နီးစပ်လာပြီ။ ကိုဗစ်ဗဟိုကော်မတီကလည်း ဆုံးဖြတ်ချက်ချနိုင်ပြီဆိုတဲ့ အချိန်ရောက်ရင် အဆင့်သင့်ဖြစ်အောင် ပြန်လည်ပြီးတော့ မွမ်းမံပြင်ဆင်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်ရှင့်”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပထမဆုံးအနေနဲ့ ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ဇန်နဝါရီလ (၂၇)ရက်နေ့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.