မော်လမြိုင် ၊ ဇန်နဝါရီ (၂၈)

အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ မသန်စွမ်းတွေဟာ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရတုန်းပဲလို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၂.၃) သန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။

ဒီမသန်စွမ်းတွေဟာ သာမာန်လူတွေနဲ့တန်းတူ လုပ်ငန်းခွင်တွေမှာ လိုက်ကိုင်ခွင့် ရရှိရေးမှာတော့ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင်သတင်းစာထဲက ဒုတိယတရားသူကြီးခေါ်ယူတဲ့ အလုပ်ခေါ်စာမှာ ကျန်းမာသန်စွမ်းသူများဖြစ်ရမည်ဆိုသည့်အချက်ဟာ  မသန်စွမ်းသူများကို ရည်ရွယ်ချက်ရှိရှိနဲ့ ခွဲခြား ဆက်ဆံနေဆဲဖြစ်တာကို သက်သေပြနေတယ်လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင်က ပြောပါတယ်။

“ ဝန်ထမ်းရေးရာခန့်ထားရေးဌာနပေါ့ဗျာ၊ ခေါ်တာက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပါ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ အဲဒီမှာပါတာ၊ ဒုတိယတရားသူကြီး ၈၀ ခေါ်တယ်ဗျာ၊ အမျိုးသမီး(၄၀)၊ အမျိုးသား(၄၀)၊ သတင်းစာမှာ ပြန်ရှာကြည့်ပါ၊ အဲဒီခေါ်တဲ့ အခါမှာ တတိယအပိုဒ်မှာ ဘာရေးထားလဲဆိုတော့ ကျန်းမာသန်စွမ်းသူဖြစ်ရမည်တဲ့၊ ကျွန်တော်တို့ ဒီမြို့မှာ လက်ရှိတရားလွှတ်တော်ရှေ့နေ တစ်ယောက်ရှိတယ်၊ အမြင်အာရုံမသန်စွမ်းပေါ့နော်၊ လက်ရှိအမှုစစ်ကိုင်တယ်၊ တရားသူကြီးလျှောက်တာ သူ့ကို ပေးလို့ရတယ်၊ လက်ရှိလဲ တရားလွှတ်တော်ရှေ့နေလည်း လုပ်တယ်၊ အဲလိုလူမျိုး အရည်အချင်းရှိတဲ့လူမျိုး၊ သမာသမတ်ရှိတဲ့သူမျိုးကို နိုင်ငံတော်အတွက် အကျိုးရှိမယ့်ပုဂ္ဂိုလ်မျိုး မသန်စွမ်းတွေ အများကြီးရှိပါလျက်နဲ့ ဘာကြောင့် အလုပ်မပေးတာလည်း၊ တမင်ကို ဒါကိုခွဲခြားတာပေါ့ဗျာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ မသန်စွမ်းတွေ ဒါတွေကို မင်းတို့မလုပ်ကြနဲ့ အသုံးမတည့်ဘူး စတဲ့ အမြင်မျိုးတွေနဲ့ပေါ့”လို့ ဆိုပါတယ်။

 အစိုးရကိုယ်တိုင်က မသန်စွမ်းတွေကို အခုလို ခွဲခြားဆက်ဆံနေမယ်ဆိုရင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ မသန်စွမ်းတွေ ပါဝင်ခွင့် ရရှိရေးအတွက် စိန်ခေါ်မှုတွေ ပိုမိုရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရအသစ် သက်တမ်းမှာ မသန်စွမ်းတွေအပေါ် ခွဲခြားဆက်ဆံမှုကို ပယ်ဖျယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးဖို့ မသန်စွမ်းတွေက တောင်းဆိုလိုက်ပါတယ်။

“သူတို့လည်း ရုံးတက်ပြီးတော့ လုပ်နိုင်တယ်၊ စားသောက်ဆိုင်မှာလုပ်မလား၊ ချက်ပြုတဲ့နေရာမှာလုပ်မလား၊ ဟိုတယ်မှာလား၊ ဧည့်ကြိုမှာလား၊ လုံခြုံရေးနေရာမှာလား၊ ဒါမဟုတ်ရင် ကွန်ပျူတာဌာနမှာလား၊ သူ့နေရာနဲ့သူ သူဟာသူဖြစ်လာမှာပေါ့၊ အဲဒါကို ပေးရမှာကို ဝန်လေးနေကြတယ်၊ လုပ်ကြည့်ပါ၊ သုံးကြည့်ပါ၊ မသန်စွမ်းတွေကို သူ့နေရာနဲ့သူအသုံးတည့်သွားမယ်၊ သူတို့မှာ အရည်အချင်းအများကြီးရှိပါတယ်၊ ခိုင်းပါ၊ ခန့်အပ်ပေးပါ၊ အဲဒီအတိုင်း ကို ကျွန်တော်က တောင်းဆိုချင်ပါတယ်”လို့ စောအောင်သိမ်းတင်က ပြောပါတယ်။

မသန်စွမ်းသူများအတွက် ဥပဒေကို ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ မှာ ထုတ်ပြန်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ မရှိသေးဘူးလို့ မသန်စွမ်းအရေး ဆောင်ရွက်နေသူတွေက ပြောဆိုထားပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရှေ့ပြေးရလဒ်တွေအရ မြန်မာ နိုင်ငံ လူဦးရေထဲမှာ မျက်မှန်တပ်သည့်တိုင်အောင် အမြင်ခက်ခဲနေသူက ၆ဒသမ၃ ရာခိုင်နှုန်း၊ နားကြား ကိရိယာ တပ်ထားသည့်တိုင် အကြားခက်ခဲနေသူတွေက ၂ဒသမ၄ ရာခိုင်နှုန်း၊ လမ်းလျှောက်/ လှေခါး တက်ရာမှာ ခက်ခဲနေသူက ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာရာမှာ ခက်ခဲနေသူက ၄ဒသမ၄ ရာခိုင်နှုန်း၊ မိမိကိုယ်မိမိ စောင့်ရှောက်ဖို့အတွက် ခက်ခဲနေသူက ၁ဒသမ၉ ရာခိုင်နှုန်း၊ အခြားသူ များနှင့်ဆက်သွယ်ဖို့ ခက်ခဲနေသူက ၁ဒသမ၆ ရာခိုင်နှုန်း ရှိနေတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.