မော်လမြိုင် ၊ ဇန်နဝါရီ (၁၂)

မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်အားလုံးမှာ CCTV ကင်မရာတပ်ဆင်ပြီးပါက မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေကို စောင့်ကြည့်ကာ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီထဲမှာတော့ မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေ ၊ ဆိုင်ကယ်ဦးထုတ်မဆောင်သူတွေနဲ့ သတ်မှတ်လူဦးရေတွေထက် ပိုမိုတင်ဆောင်တဲ့ ယာဉ်တွေကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း အရင်နှစ်တွေထက် မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် မော်လမြိုင်မြို့နယ်က မီးပွိုင့်တွေမှာ CCTV ကင်မရာတပ်ဆင်ပြီးလို့ရှိရင် မီးနီးဖြတ်မောင်းယာဉ်တွေ၊ လိုင်စင်မဲ့ယာဉ်တွေ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်တဲ့ ယာဉ်တွေကို ထိရောက်တဲ့ အရေးယူမှုတွေ စတင် ဆောင်ရွက်သွားတော့မယ်လို့ မွန်ပြည်နယ် အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲ ရဲမှူး ဉာဏ်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ နယ်လုံဝန်ကြီးကလည်း ပြောပြပါတယ်၊ သူတို့ မီးပွိုင့်တစ်မြို့လုံး(မော်လမြိုင်မြို့)တပ်ဆင်ဖို့ တင်ဒါခေါ်တော့မယ်လို့ ပြောပါတယ်၊ ဒါတွေကို ခေါ်ပြီးရင် တင်ဒါအောင်တဲ့ ကုမ္ပဏီက တပ်ဆင်မှာပေါ့၊ တစ်မြို့လုံးကို ဒါတွေကို တပ်ဆင်ပြီးရင်တော့ ပိုပြီးတော့ ထိရောက်တဲ့ တစ်ဖက်ကလည်း ပညာပေးမှုလုပ်သလို၊ တစ်ဖက်ကလည်း စည်းကမ်းဖောက်တဲ့လူတွေကို အရေးယူဆောင်ရွက်ဖို့ ရန်ကုန်မှာ မီးပွိုင့်တွေမှာ CCTV တွေ အကုန်တပ်ထားတဲ့အခါကျတော့ ဟိုမှာ ထိန်းချုပ်ခန်းကနေကြည့်နေမယ်၊ အဲမှာ ကားဖြတ်ဖြတ်၊ ဆိုင်ကယ်ဖြတ်ဖြတ်၊ ဖြတ်တာနဲ့ အဲဒီဆိုင်ကယ်ကားနံပါတ်ကြည့် ချက်ချင်း ဒီမီးပွိုင့်က ဖြတ်လာရင် ဘယ်မီးပွိုင့်ကို ရောက်နေပြီးလည်း ရောက်တဲ့မီးပွိုင့်ကို လှမ်းချိတ် အဲဒီဆိုင်ကယ်ကို ရအောင်ဖမ်း၊ အဲဒီကားကို ရအောင်ဖမ်း၊ မီးနီးဖြတ်ဝင်သွားတယ်သဘောကပေါ့၊ အဲလိုမျိုးပြစ်မှုကျူးလွန်တဲ့သူတွေကိုလည်း ဒီလိုမျိုး ထိန်းချုပ်ခန်းတွေကနေ ထိုင်ကြည့်ပြီးတော့ အများကြီးရေးယူဆောင်ရွက်လို့ရတယ်၊ ရန်ကုန်မှာတော့ ခုလက်ရှိဆောင်ရွက်နေတာပေါ့နော်၊ ကျွန်တော်တို့ဆီမှာ ခုလက်ရှိ တပ်ဆင်ပြီးရင်တော့ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပေါ့နော်”လို့ ဆိုပါတယ်။

ဒီလိုယာဉ်စည်းကမ်းလမ်းစည်းမလိုက်နာတဲ့ယာဉ်တွေကို အနိမ့်ဆုံးငွေဒဏ်သုံးသောင်းကနေ ထောင်ဒဏ်သုံးနှစ်အထိ အရေးယူသွားမှာဖြစ်ပါတယ်။

“ပြစ်မှုပြစ်ဒဏ်ကတော့ အမျိုးမျိုးရှိပါတယ်၊ အနိမ့်ဆုံးကတော့ ဒဏ်ငွေသုံးသောင်းအထိ ရိုက်နိုင်တယ်၊ ဥပမာ- ဆိုင်ကယ်ဦးထုတ်မဆောင်းတာ၊ မီးနီဖြတ်မောင်းမယ်ဆိုရင် ဒဏ်ငွေသုံးသောင်းအထိပေါ့နော်၊ သူ့အမျိုးအစားတော့ သတ်မှတ်ထားတာရှိပါတယ်။ အမြင့်ဆုံးကတော့ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်”လို့ ရဲမှူး ဉာဏ်လင်းက ပြောပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာတော့ ယာဉ်မတော်တဆမှု (၈၅၀)ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၃၀၀)ကျော်နဲ့ သေဆုံးသူကတော့ (၂၄၇)ဦးအထိ ရှိခဲ့ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.