မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)

NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုပေမယ့် အခုချိန်ထိ မွန်ညီညွတ်ရေးပါတီကို တရားဝင် ဆက်သွယ်လာတာ မရှိသေးဘူးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ တိုင်းရင်သား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်မှာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တိုင်းရင်သားပါတီတွေနဲ့ အတူ ပူးပေါင်း တည်ဆောက်ချင်တယ် ဆိုပြီး ရွေးကောက်ပွဲအပြီး မှာ တိုင်းရင်းသားပါတီ ၄၈ ခုကို စာပို့ခဲ့တာ ဖြစ်ပါတယ်။

အာ့ဒီနောက်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နဲ့ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆန် တို့ကို ရွေးချယ် တာဝန်ပေးခဲ့ပါတယ်။

 တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးရာမှာ  ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်က တိုင်းရင်းသားပါတီတွေကို ဦးစွာ တွေ့ဆုံသွားမယ်လို့ NLD ပါတီခေါင်းဆောင်တွေက ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောဆိုထားပါတယ်။

ဒါပေမယ့် အခုချိန်က NLD ပါတီက တရားဝင် ဆက်သွယ်လာတာ မရှိသေးဘူးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမက ပြောပါတယ်။

“သူတို့က ကချင်ပြည်နယ်ကို သွားပြီးရင် မွန်ပြည်နယ်ကို လာဖို့တော့ မီဒီယာမှာပြောထားချက်အရပဲ သိထားတယ် အဲတော့ ကျွန်တော်တို့နဲ့ တွေ့မလား ဘယ်နေ့တွေ့မလဲ ဘယ်အချိန် ဘယ်နေရာတွေ့မလဲကအစ ဘာဆွေးနွေးမလဲဆိုတာကအစ ကျွန်တော်တို့ကို တရားဝင်ဆက်သွယ်လာခြင်းမရှိသေးဘူး” လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ NLD ရဲ့  စာပေးပို့မှု အပေါ် အသိအမှတ်ပြုသလို အခု ပါတီနဲ့ လာတွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာလည်း ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မှာ ၁၁ နေရာနဲ့ ကရင်ပြည်နယ်မှာ ၁ နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားပါတယ်။

မွန်ပြည်နယ်က လွှတ်တော် (၄၅) နေရာမှာ NLD ပါတီ (၃၄) နေရာနဲ့ မွန်ညီညွတ်ရေးပါတီက (၁၁)နေရာ ကိုယ်စီ အနိုင်ရထားတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.