မော်လမြိုင်၊ ဒီဇင်ဘာ ၁၇

ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းမှာ အားနည်းမှုတွေရှိနေတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး လေ့လာစိစစ်ပြီး အစီရင်ခံစာတင်ပြသွားဖို့ မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်နေပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ဆက်တိုက်မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ (၂၀၀၀)နီးပါး ရှိခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာတော့ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး စိစစ်သွားဖို့ ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ ကျင်းပခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော် ညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော်က မြေပြင်မှာလက်တွေ့ဆောင်ရွက်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ပတ်အတွင်း တွေ့ဆုံပြီး အစိုးရအဖွဲ့ကို အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ တင်ပြသွားမယ်လို့ ဆိုပါတယ်။

“‌သူတို့တွေရဲ့ ဖြစ်နေတဲ့ လုပ်ငန်းအခက်အခဲတွေမှာ စီမံကြီးကြပ်မှုပိုင်း အားနည်းချက်တွေက ဘာတွေလဲ။ အဲဒါတွေပိုပြီး ကောင်းမွန်‌မယ့် စီမံမှုတစ်ခု၊ ကာကွယ်တားဆီးရေးတစ်ခုဖြစ်လာဖို့ လုပ်သင့်လုပ်ထိုက်တာက ဘာတွေလဲပေါ့။ သူတို့ရဲ့အကြံဉာဏ်တွေကို ရယူပြီး အစိုးဘက်ကလည်း တစ်လေးတစ်စားနဲ့ ဆောင်ရွက်သင့်တဲ့အရာတွေက ဒါတွေပါဆိုပြီး ပေးပို့မယ် အစီစဉ်လေးတစ်ရပ် ဆုံးဖြတ်တာပါ”လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်ဖို့အတွက် အတည်ပြုလူနာနဲ့ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ (၁၄)ရက် အသွားအလာ ကန့်သတ်တဲ့ စနစ်ကို မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့အရေးပေါ် တုန့်ပြန်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းလဲ ကျင့်သုံးနေပါတယ်။

အခုလို ဆောင်ရွက်ခဲ့တာကြောင့် contact လိုက်ပြီး quarantine ကို ပို့ဆောင် စစ်ဆေးစရာ မလိုတော့တဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေကို ဝန်ပေါ့စေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၁၈)ရက်နေ့ မနက်ပိုင်းစာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၉၉၈) ဦးရှိပြီး သေဆုံးသူကတော့ (၂၁) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.