မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇)

အင်ဒိုနီးရှားနိုင်ငံမှာ ပထမဦးဆုံးအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းခံရသူမှာ သမ္မတဂျိုကို ဝီဒိုဒို ဖြစ် လာမှာ ဖြစ်ပြီး ကျန်ရှိသော အင်ဒိုနီးရှားနိုင်ငံသားများအားလုံးအတွက်လည်း ကာကွယ်ဆေးကို အခမဲ့ ပေးသွားမှာ ဖြစ်တယ်လို့ (ဒီဇင်ဘာ ၁၆ ရက်) ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်အလေးထားပြီး နောက်ထပ်တစ်ကြိမ်ပြောချင်တာက ကျွန်တော်ဟာ ကာကွယ်ဆေးကို ပထမဆုံး အဖြစ် ထိုးနှံခြင်းခံရသူဖြစ်လာမယ်ဆိုတာကိုပါပဲ။ ဒီလို လုပ်ဆောင်ခြင်းက လူထုအကြားမှာ ဒီကာကွယ်ဆေးက လုံခြုံမှုရှိတယ်ဆိုတာကို ယုံကြည်မှုနဲ့ တိကျသေချာမှုကို တည်ဆောက်ချင်တာရယ်ကြောင့်ပါ”လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိတဲ့ သမ္မတ ဂျိုကိုဟာ အကြံဉာဏ်များစွာလက်ခံရယူပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာကို ပြန်လည် တွက်ချက်ပြီးတဲ့နောက်ပိုင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံသားများအားလုံးအတွက် ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေး သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

“လူတွေ ကာကွယ်ဆေးကို လက်လှမ်းမမီနိုင်ဘူးဆိုတဲ့ အကြောင်းပြချက် မရှိအောင် ကျွန်တော့်အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးကို (ကာကွယ်ဆေးအစီအစဥ်ကို) ဦးစားပေးကာ ဘတ်ဂျက်လျာထားပေးနိုင်ဖို့ ညွှန်ကြားထားခဲ့ ပြီးဖြစ်တယ်”လို့ အင်ဒိုနီးရှားသမ္မတက ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ကောက်ခံတဲ့ အွန်လိုင်းစစ်တမ်းတစ်ခုအရ ဖြေဆိုသူများအားလုံးရဲ့ ၆၄.၈ ရာခိုင်နှုန်းက လူထုအတွက် ကာကွယ်ဆေးဟာ ရရှိပြီးသည့်နှင့် တပြိုင်နက်တည်း လက်ခံရယူလိုကြသည်။ ၂၇.၆ ရာခိုင်နှုန်းသော ဖြေဆိုသူများက အစိုးရရဲ့ ကာကွယ်ဆေးအစီအစဥ်နဲ့ပတ်သက်ပြီး တွေဝေလျှက်ရှိကာ ၇.၆ ရာခိုင်နှုန်းက အဆိုပါ အစီအစဥ်ကို ငြင်းဆိုထားပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်းကို ငွေကြေးဖြင့် ပေးချေ၍ ခံယူလိုသူရာခိုင်နှုန်းမှာ ၃၅ ရာခိုင်နှုန်းရှိပြီး ငွေပေးချေခြင်းကို မပြုလုပ်လိုသူများမှာ ၃၈ ရာခိုင်နှုန်းခန့်ရှိကာ ကျန်ရှိသောသူများကတော့ အဆိုပါအခြေ အနေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် တစုံတရာပေးခဲ့ခြင်းမရှိပါ။

စစ်တမ်းတွင် ကျွန်းစုတလျှောက်နေထိုင်တဲ့ လူဦးရေ ၁၁၅၀၀၀ ခန့်က ပါဝင်ဖြေဆိုခဲ့ပြီး ထိုစစ်တမ်းကို ယူနီဆပ်ဖ် နှင့် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထောက်ပံ့မှုနှင့်အတူ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အင်ဒိုနီးရှား နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့မှ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ သန်းပေါင်း ၂၇၀ ခန့်ရှိပြီး ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ကာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တရုတ် Sinovac Biotech ကုမ္ပဏီမှ ကာကွယ်ဆေးအလုံးရေပေါင်း ၁.၂ သန်း ကျော်ကို တင်သွင်းခဲ့တာဖြစ်ပြီး ပထမဆုံး ကာကွယ်ဆေးအသုတ်ကို လက်ခံကြိုဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်းကို လူဦးရေ ၁၀၇ သန်းအတွက် သန်းပေါင်း ၂၄၆ လုံးလျာထားပြီး စုစုပေါင်း လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုကာ၊ ဦးတည်အုပ်စုရဲ့ ၆၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဖော်ပြချက်များအရ သိရပါတယ်။

ကျန်းမာရေးဝန်ကြီး တီရာဝန် အေဂက်စ် ပူထရန်တိုရဲ့ ပြောကြားချက်အရ ကာကွယ်ဆေး ရဲ့ လုံခြုံမှုကို အာမခံပေးနိုင်တဲ့ အချက်အလက်မရှိတာကြောင့် ပင်ကိုယ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုတော့ ဦးစားပေး စာရင်းထဲသို့ ထည့်သွင်းထားခြင်းမရှိဟူ၍ ဖော်ပြပါရှိပါတယ်။ Sinovac ကာကွယ်ဆေးများက အသက် ၁၈ နှစ် မှ ၅၉ နှစ်အကြားရှိသော လူများကိုသာ ရွေးချယ်ထိုးနှံပေးသွား မှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုုဟာ ၆၃၆,၁၅၄ ဦးအထိရှိပြီး သေဆုံးမှုနှုန်း ၁၉,၂၄၈ ဦးအထိရှိကာ အရှေ့တောင် အာရှအတွင်းမှာ အဆိုပါအရေအတွက်တွေမှာ အဆိုးဝါးဆုံး အနေအထား ရှိခဲ့တာဖြစ်ပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.