ဓာတ်ပုံ - ဇင်မိုး

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅)

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၀) ဦး ရှိလာပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ (၁၄ )ရက်နေ့ ညပိုင်းစာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ( ၁၈၀၀)ကျော်ရှိပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလကစပြီး ဒီဇင်ဘာလလယ်ပိုင်းအထိ မော်လမြိုင် ၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်တို့မှာ ဒေသတွင်း ကူးစက်ခံရသူ ရာနဲ့ချီ ရှိခဲ့တာ ဖြစ်ပါတယ်။

အာ့ဒီအထဲမှာ စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်နေသူတွေနဲ့ ကုသရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း(၁၀)ဦးတို့ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံခဲ့ရပါတယ်။

အာ့ဒီအထဲက (၇ ) ဦးကတော့ ရောဂါပြန်လည်ပျောက်ကင်းသွားပြီး ကျန်တဲ့(၃ )ဦးကတော့ ကူးစက်ခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“Isolation Ward 3 ကဝန်ထမ်းတွေရှိမယ်လာကူပေးတာ၊ ဝန်ထမ်းထဲကဆိုရင် (၁၀)ယောက်လောက်ရှိပြီး ကူးစက်ခံရတာ၊ ကူးစက်တဲ့ ရက်အတိအကျတော့ အမမမှတ်မိတော့ဘူး၊ (၁၀)ယောက်ကျော်လောက်ရှိတယ်၊ အကုန်လုံးကောင်းပါတယ်(ကျန်းမာရေး)၊ အခုလောလောဆယ်ဆယ်ပေါ့နော်၊ အခုတော့ ရက်မပြည့်သေးလို့ ဆေးရုံမှာ ကျန်နေတာ နှစ်ယောက်၊ သုံးယောက်လောက်ကျန်နေမယ်”လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ကုသရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း (၂၀၀၀)ကျော်ရှိပြီး အခုလို ကူးစက်မှုတွေ ရှိလာတာကြောင့် ရေရှည်မှာ ဝန်ထမ်းအင်အားလျော့နည်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပြည်နယ်အတွင်းမှာတော့ မြို့နယ်အားလုံးနီးပါးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ တွေ့ရှိနေတာကြောင့် ဝန်ထမ်းတွေနဲ့စက်တွေကို အလှည့်ကျ ခွဲဝေအသုံးပြုနေရပြီး ဆေးဝါးနဲ့ ငွေကြေးလိုအပ်မှုတွေလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“ငွေရေးကြေးရေးအပိုင်းပေါ့၊ ဒီနောက်က လိုက်လာမယ့် ကုန်ကျမှုတွေကလည်း အများကြီးပါပဲ၊ တချို့ဟာတွေလည်း တင်တောင်းလို့ရတာတွေ ရှိတယ်၊ တင်တောင်းလို့မရတာတွေလည်း အလှူရှင်တွေကနေ လည်းရတာလဲ ရှိတာပေါ့၊ နောက်ဆေးဝါးတွေဆိုရင် လူနာများရင် အကုန်အကျများလာတယ်၊ ကိုယ့်ဆီမှာ ရှိတဲ့ ဆေးဝါးတွေနဲ့ မလုံလောက်ဘူးပေါ့နော်၊ နောက်ဒီထက်မြင့်တဲ့ ဆေးဝါးတွေ လိုလာရင် ကိုယ်မဝယ်ပေးနိုင်ရင် သူတို့ကို ဝယ်ခိုင်းရတယ်၊ အခက်အခဲတွေကလည်း အများကြီးပါပဲ”လို့ ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

အခုလို အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီဇင်ဘာ (၈)ရက်နေ့ကစပြီး အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ (၁၄)ရက် အသွားအလာကန့်သတ်ဖို့ မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

နေအိမ်မှာ အခုလို အသွားအလာကန့်သတ်လိုက်တာဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို ဝန်ပေါ့စေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.