မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄)
ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ အိမ်ခြေ ၁၃၀ နီးပါးကို နေအိမ်တွေမှာ ၁၄ ရက် အသွားအလာကန့်သတ်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ နိုဝင်ဘာလအတွင်းကစပြီး အနံ့မရတော့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ရာနဲ့ချီ တွေ့ရှိခဲ့တာပါ။
အခုလို ကိုဗစ်-၁၉ ကူးစက်ခံရမှု ဆက်တိုက်မြင့်တက်လာပြီးနောက် အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ဖို့ မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ ကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ ရက်ပိုင်းအတွင်း နေအိမ်(၁၃၀)နီးပါးကို အသွားအလာ ကန့်သတ်ခဲ့ရပါတယ်။
“အမတို့က Stay Home QUARANTINE က (၇)ရက်နေ့မှာ ညှိနှုင်းတယ်၊ (၈)ရက်နေ့မှာ စလုပ်တယ်၊ အခုတဖြည်းဖြည်းတော့ အကောင်အထည်ဖော်နေပြီးပေါ့၊ အခုဆိုရင် အိမ်ထောင်စုပေါင်း မွန်ပြည်နယ်မှာဆိုရင် အိမ်ခြေပေါင်း(၁၃၀)နီးပါး ရှိတာပေါ့နော်၊ လက်ရှိ Home QUARANTINE ထားထားတာပေါ့၊ အဲဒီတော့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းကတော့ သူတို့ကို Home QUARANTINE ထားကတည်းက သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကို ကွင်းဆင်းပြီးတော့ အဖွဲ့စုံပေါ့၊ ဗီးနိုင်းကပ်တယ်၊ ကျန်းမာရေးအခြေအနေကို တစ်ခါတည်းမေးတယ်၊ လက္ခဏာမရှိဘူး၊ အခြားကျန်းမာရေး မကောင်းတာလည်း မရှိဘူး၊ လိုအပ်လာရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးထားတယ်”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
အသွားအလာကန့်သတ်ထားတဲ့ နေအိမ်တွေကို အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်နေမှာဖြစ်ပြီး ဖောက်ဖျက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။
အခုလို အသွားအလာကန့်သတ်ထားသူတွေထဲက ဆင်းရဲနွမ်းပါးသူတွေကိုတော့ တစ်ဦးကို ဆန်သုံးပြည်နှုန်းနဲ့ ထောက်ပံ့ပေးဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
ဒီဇင်ဘာလ (၁၄)ရက်နေ့ မနက်ပိုင်းအထိတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၂၀၀၀) ကျော် ရှိပြီး သက်သာလို့ ဆေးရုံက ဆင်းခွင့်ရရှိသူ(၁၆၀၀)ကျော်ရှိပြီး ဖြစ်ပါတယ်။
သတင်း – နွန်နွန်