မော်လမြိုင် ၊ နိုဝင်ဘာ (၃၀)

ကိုဗစ်-၁၉ ကြောင့် ရန်ကုန်မှာ ပိတ်မိနေတဲ့ မွန်ပြည်နယ်ဒေသခံတွေကို zaw family travel နဲ့ ရွှေနဒီ express ခရီးသည်ပို့ဆောင်ရေးတို့က အခမဲ့ ကြိုပို့လုပ်ပေးနေပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မပျံ့နှံ့စေဖို့အတွက် တိုင်းနှင့်ပြည်နယ်တွေမှာ ခရီးသွားလာခွင့်ကို ကန့်သတ်လိုက်ပြီး ခရီးသည်ယာဉ်လိုင်းတွေလည်း ရပ်နားထားရတာကြောင့် မွန်ပြည်နယ်ကနေ ရန်ကုန်မှာ ဆေးကုသနေသူတွေအပါအဝင် အလုပ်မရှိလို့ နေရပ်ပြန်လိုသူ ရာနဲ့ချီပြီး ပိတ်မိနေကြပါတယ်။

ရန်ကုန်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်မယ်ဆိုရင် ကားငှားရတဲ့ ကုန်ကျစရိတ်က တစ်သိန်းခွဲဝန်းကျင်ရှိပြီး ဖြတ်သန်းသွားလာခွင့်အတွက် အခက်အခဲတွေ ရှိနေတာပါ။

ပိတ်မိနေသူတွေ အချိန်ကြာလာတာနဲ့အမျှ သွားလာနေထိုင်စားသောက်ဖို့အပြင် အခြားအခက်အခဲတွေ ရှိလာတာကြောင့် အခုလို အခမဲ့ ကြိုပို့လုပ်ပေးဖြစ်တာလို့ ဇော်မိသားစု ခရီးသွားလုပ်ငန်းမှ ကိုဇော်က ပြောပါတယ်။

“ ရန်ကုန်မှာက တော်တော်များများက ပိတ်မိနေတာ၊ တစ်ထောင်နီးပါးလောက်ရှိမယ်ထင်တယ်၊ ရန်ကုန်မှာ အဆင်မပြေဘူး၊ ဒုက္ခရောက်နေကြတယ်၊ ဘာညာပေါ့၊ အကူအညီတောင်းလာတဲ့အခါကျတော့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီးတော့ နှုတ်အားဖြင့် သဘောတူပြီးတော့ ပရဟိတ အစီအစဉ်အနေနဲ့ဆိုတော့ ကောင်းတာပေါ့ပြောပြီး လုပ်ဖြစ်သွားတာပါ။ ရန်ကုန်ကနေ ပြန်လာချင်တယ် ဆိုရင် ကားလေးနဲ့ဆိုရင် လူနည်းနည်းပဲ ပါမယ်၊ အဲဒါနဲ့ Express ကားတွေနဲ့ စီစဉ်ပေးတယ်၊ ကားကို စပွန်ဆာပေးတာက ရွှေနဒီယာဉ်လိုင်းပိုင်ရှင်ကပါ”လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး တစ်ရက်ခြားတစ်ခါနှုန်းနဲ့ ပိတ်မိနေသူတွေကို တစ်ကြိမ်မှာ လူ(၃၀)ဦးနှုန်းနဲ့ အခမဲ့ ကြိုပို့နေတာ ဖြစ်ပါတယ်။

ယခုလို ခေါ်လာသူတွေကိုတော့ စစ်တောင်းဂိတ်မှာ ကိုဗစ် ရှိ၊ မရှိကို စစ်ဆေးပေးမှာဖြစ်ပြီး ပိုးမတွေ့ဘူးဆိုရင်တော့ မော်လမြိုင်မြို့ ဆယ်မြို့နယ်ဆောင်မှာ Quarantine ဝင်ရမှာဖြစ်ကာ ပိုးတွေ့ခဲ့ရင်တော့ ဆေးရုံမှာ ကုသမှု ခံယူရမယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ ပြန်ဝင်လာလို့ရပြီး ပြောထားတယ်ဆိုတော့ အဲဒီကားနဲ့ခေါ်လာပြီးရင်တော့ ဆယ်မြို့နယ်အဆောင်မှာဘဲ Quarantine ထားပြီးတော့ (၇)ရက်ထားမယ်၊ စစ်တောင်းဂိတ်ကနေစစ်လာပြီးရင်တော့ ဒီမှာ ဒုတိယအကြိမ် ထပ်စစ်ပေးပြီးတော့ ပိုးမတွေ့ဘူးဆိုရင်တော့ အိမ်မှာတစ်ပတ်နေဖို့ ပြောပြီး ပြန်လွှတ်တာပေါ့၊ ပိုးတွေ့သွားပြီး ပိုးတွေ့လူနာဖြစ်ရင်တော့ အနည်းဆုံး(၁၀)ရက်လောက်တော့ ဆေးရုံမှာ သွားနေရမှာပေါ့”လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အာကစာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ (၂၉)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်တွေအရ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြု လူနာ(၁၃၀၀)ကျော်ရှိပြီး သေဆုံးသူကတော့ ၁၃ ဦးအထိ ရှိပြီးလို့  သိရပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.