မော်လမြိုင် ၊ နိုဝင်ဘာ (၂၇)

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် မော်လမြိုင်မြို့အပြင် သထုံမြို့မှာပါ ကုသရေးကို ဆောင်ရွက်နေရပါတယ်။

သထုံ ၊ ကျိုက်ထို နဲ့ မော်လမြိုင်တို့မှာ ရက်ပိုင်းအတွင်းမှာပဲ ကူးစက်ခံရသူ (၄၀၀) နီးပါး ရှိပြီး သထုံမြို့နယ်မှာ အများဆုံး တွေ့ရှိခဲ့တာပါ။

ဒါကြောင့် သထုံခရိုင်အတွင်းက အတည်ပြုလူနာတွေကို သထုံမြို့က စက်မှုသင်တန်းကျောင်းမှာ နိုဝင်ဘာလ (၂၅)ရက်နေ့က စပြီး ကုသရေးကို ဆောင်ရွက်ပေးနေပါတယ်။

ဒါပေမယ့် အသက်(၅၀)အထက် အတည်ပြုလူနာတွေနဲ့ ကလေးငယ်တွေကိုတော့ မော်လမြိုင်ဆေးရုံကြီးမှာပဲ ကုသစေမယ်လို့ သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောပါတယ်။

“ ကိုဗစ်အတည်ပြုလူနာတွေထားတာဆိုတော့ မော်လမြိုင်မှာ ၃ ခုရယ်၊ အခုက လေးခုမြောက်ပေါ့နော်၊ စက်မှုအထက်တန်းကျောင်းမှာထားမယ်၊ ကုတင်ကတော့ ၁၂၀၊ ၁၃၀ လောက်တော့ ပြင်ထားတယ်၊ နောက်ထပ်ဒီထက်ချဲ့ရင်လည်း ချဲ့လို့ရတယ်ပေါ့၊ ၂၅ ရက်နေ့ညကစပြီးထားတာပေါ့၊ ၂၅ ရက်ညက ၁၂ ယောက်၊ မနေ့က ၂၅ ယောက်ရှိတယ်၊ ဒီနေ့ကလည်း သထုံမှာ တစ်ယောက်ထပ်တွေ့တယ်၊ ကျိုက်ထိုဘက်ကလည်း လာတယ်၊ ဒီသထုံခရိုင်အပိုင်က မြို့နယ်တွေအကုန်လုံးကပေါ့၊ အသက် ၅၀ အောက်၊ အသက် ၅ နှစ်အထက်တွေပဲ ထားမှာ၊ အသက် ၅၀ နှစ်အထက်နဲ့ ၅ နှစ်အောက်ကတော့ မော်လမြိုင်ကို ပို့မယ်၊ ပြီးတော့ ရောဂါအခံရှိတဲ့သူတွေ၊ နည်းနည်းအရေးကြီးတဲ့လူနာတွေကို မော်လမြိုင်ဆေးရုံကြီးကိုပဲ ပို့မယ်၊ ဒီမှာကတော့ သာမန်ကိုဗစ်အတည်ပြုလူနာတွေလောက်ပဲ စောင့်ကြည့်ဖို့ထားမယ်”လို့ ပြောပါတယ်။

မော်လမြိုင်ခရိုင်မှာတော့ မော်လမြိုင်ဆေးရုံကြီးအပြင် အရေးပေါ်ဆောက်လုပ်ထားတဲ့ ယာယီဆေးရုံ isolation ward 3 နဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအရှေ့က isolation ward -2 တို့မှာ စောင့်ကြည့်ကုသပေးနေတာပါ။

နိုဝင်ဘာလ (၂၇)ရက်နေ့ မနက်ပိုင်းအထိတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၂၀၀)ကျော်ရှိပြီး ဆေးရုံဆင်းခွင့်ရသူကတော့ (၈၀၀)ကျော်ပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.