မော်လမြိုင် ၊ နိုဝင်ဘာ (၂၀)

ရွှေ့ပြောင်းလုပ်သားမဲတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နေရာအများစု ရှုံးနိမ့်ခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။

မွန်ပါတီနှစ်ခု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော မြို့နယ်တွေမှာ ရလဒ်ကောင်းတွေ ရမယ်လို့ မျှော်မှန်းခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေအရ ရေးနဲ့မုဒုံမြို့နယ်မှာသာ အများဆုံး အနိုင်ရခဲ့ပြီး ကျန်တဲ့ မြို့နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲရလဒ်တွေအရ အချို့မဲဆန္ဒနယ်တွေမှာ မဲအရေအတွက် အပြတ်အသတ် မကွာဘဲ ရွှေ့ပြောင်းလုပ်သား မဲတွေကြောင့်သာ  NLD ပါတီ အနိုင်ရခဲ့တာလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောပါတယ်။

“အထောက်အထားတွေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ သံဖြူဇရပ်မြို့နယ်မှာဆိုလို့ရှိရင် ရွှေ့ပြောင်းလုပ်သားအရေအတွက်က သောင်းဂဏန်းလောက်ရှိပါတယ်၊ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ရှုံးသွားတဲ့ မဲအရေအတွက်က နိုင်သွားတဲ့ NLD ထက်ကို ၂၃၀၀/၄၀၀ ဝန်းကျင်လောက်ပဲ ကွာတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်သင့်တဲ့နေရာမှာ မနိုင်လိုက်ရတဲ့ အကြောင်းအရင်းထဲမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဆန္ဒမဲကြောင့်လဲ ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်က လွှတ်တော် (၄၅)နေရာမှာ NLD ပါတီက (၃၄)နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၁၁)နေရာသာ အနိုင်ရရှိခဲ့တာပါ။

မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်ရဲ့  ပြည်သူ့လွှတ်တော် (၂) နေရာ ၊ အမျိုးသားလွှတ်တော် (၃) နေရာ၊ ပြည်နယ်လွှတ်တော် (၆) နေရာနဲ့ ကရင်ပြည်နယ်က မွန်တိုင်းရင်းသားရေးရာ (၁) နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ  ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) တွင် ပါရှိသော အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း အစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်းဆိုပြီး ပြင်ဆင်ခဲ့ပြီး မဲပေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.