မော်လမြိုင် ၊ နိုဝင်ဘာ (၂၀)
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေအပေါ် NLD ရဲ့ ဖိတ်ခေါ်မှုဟာ လက်တွေ့ကျဖို့ လိုတယ်လို့ မွန်ပြည်သစ်ပါတီက ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲအလွန် အစိုးရအသစ်ကို အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီ (၄၈)ခုထံ NLD ပါတီက နိုဝင်ဘာလ (၁၇)ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ခဲ့တာပါ။
NLD ပါတီရဲ့ လက်ရှိအစိုးရသက်တမ်းမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကို လျစ်လှူရှုခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာတွေ ၊ ဘီးလူးကျွန်း ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးတာတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဌာနေတိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။
လက်ရှိ လွှတ်တော်သက်တမ်းမှာလည်း အာဏာရပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ တပ်မတော်ကြား သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွှေးမှုတွေက တူညီတဲ့ လမ်းကြောင်း မဖော်နိုင်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း မအောင်မြင်ခဲ့သလို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြေရှင်းရေးမှာ လုပ်ဆောင်မှုတွေ နှေးကွေးတယ်လို့ ထောက်ပြနေတာလည်း ရှိပါတယ်။
ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေအပေါ် NLD ပါတီရဲ့ ကမ်းလှမ်းချက်ဟာ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
“တကယ့်အာဏာရတဲ့ NLD အစိုးရမှလည်း သဘောထား၊ စေတနာ၊ ရိုးသားမှုဘယ်လောက်ရှိမလဲပေါ့၊ ဒါကလည်း အလုပ်နဲ့သက်သေပြရမှာပေါ့၊ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအပေါ်မှာ သဘောတူညီချက်တွေ၊ အဆိုပြုချက်တွေ ပစ်ပယ်ထားတာ၊ လျစ်လျူရှုထားတာတွေအများကြီးတွေ့ရတယ်၊ ဥပမာ တံတားကိစ္စ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စတို့ နောက်ပြီးတော့ ပညာရေးဆိုင်ရာ ထောက်ပံ့မှုကိစ္စတို့” လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။
NLD ပါတီရဲ့ ဖိတ်ခေါ်မှုကိုတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ နဲ့ ရခိုင်အမျိုးသားပါတီတို့က အပြုသဘောနဲ့ ကြိုဆိုထားကြပါတယ်။
မွန်ပြည်နယ်က လွှတ်တော် (၄၅)နေရာမှာ NLD ပါတီက (၃၄)နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၁၁)နေရာသာ အနိုင်ရရှိထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေနဲ့ တိုင်းရင်းသာရေးရာကိုယ်စားလှယ် နေရာတွေမှာ NLD ပါတီက ၉၂၀ အနိုင်ရရှိထားပြီး တိုင်းရင်းသားပါတီတွေက ၁၂၂ နေရာ အနိုင်ရရှိထားပါတယ်။
သတင်း – ရဲနိုင်