မော်လမြိုင် ၊ နိုဝင်ဘာ (၁၇)

သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၀)နီးပါးရှိလာတယ်လို့ သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာပြီး အနံ့မရသူတွေက အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သထုံမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၀) ကျော်ရှိပြီး ထိတွေ့ခဲ့သူတွေက (၄၀၀)ကျော် ရှိတယ်လို့ သထုံမြို့နယ်ပြန်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ဆိုပါတယ်။

“ဈေးမှာ ဈေးရောင်းနေတဲ့ အနံ့မရလူနာတွေ သွားတွေ့တာပေါ့၊ အနံ့ပျောက်တဲ့လူနာနဲ့ ဆက်စပ်ပြီးတော့ ပိုးတွေ တွေ့လာတာများတယ်ပေါ့၊ အဲဒါက ရွေးကောက်ပွဲမတိုင်ခင်လေးမှာ အဲဒီအနံ့မရဟာလေးတွေ တွေ့တာပေါ့၊ အဲဒီမှာ ပိုးတွေ့တယ်၊ သူနဲ့ဆက်စပ်တဲ့ဟာတွေ ပိုးတွေ့တာများလာတယ်။ သူတို့အားလုံးက ခရီးသွားရာဇဝင်လည်းမရှိဘူး၊ ဈေးကြီးမှာ ဈေးရောင်းနေတာပဲ၊ သူနဲ့ဆက်စပ်ပြီးတော့ ဈေးနားက ဆိုင်တွေမှာလည်း တွေ့ကြတယ်ပေါ့၊ အနံ့မရလို့သာ လက္ခဏာပေါ်လို့သာ စမ်းသပ်တွေ့တာပေါ့၊ မဟုတ်ရင် မတွေ့နိုင်ဘူးပေါ့၊ တော်တော်များများက သူနဲ့ ဆက်စပ်တဲ့ မိသားစုဝင်တွေမှာပဲ တွေ့တာများလာတယ်။ရွေးကောက်ပွဲမှာကာလကစပြီး ပိုးတွေ့တာ ၄၀ နီးပါးရှိမယ် အကုန်လုံး အစဖြစ်တာဆိုရင် သထုံမှာတွေ့တာ ၁၁၈ ယောက်ပေါ့”လို့ ပြောပါတယ်။

အခုလို ကူးစက်ခံရမှုတွေ ရှိလာပြီးနောက်မှာတော့ ပြည်သူအများစုက ကိုဗစ် စည်းကမ်းချက်တွေကို လိုက်နာလာပြီး ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးဖို့ကိုလည်း ပူးပေါင်းလာကြတယ်လို့ ဆိုပါတယ်။

“လက်ရှိ သုံးသပ်ရရင် လမ်းပေါ်မှာကြည့်တာ တော်တော်များများက Mask တပ်ပြီးသွားလာကြတယ်ပေါ့နော်၊ အယောက်တိုင်းလိုလိုပါပဲ၊ အပြင်ထွက်တာလဲ နည်းလာတယ်၊ ပြည်သူတွေ အခုတလောအသိတရားတွေ ရှိလာပါတယ်။ ပြီးတော့ လက္ခဏာပေါ်တာနဲ့ သူတို့က သူများကို မခေါ်ပဲ သူတို့ကိုယ်တိုင်လာစစ်ဆေးခံတယ်ပေါ့၊ သွားခေါ်ရင်တောင် ငြင်းတဲ့သူတွေ မရှိဘူး၊ တချို့တွေဆို အဆင်သင့်စောင့်နေကြတာပဲ”လို့ ​ဒေါက်တာသန်းဦးက ဆိုပါတယ်။

နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနေ့မှာလည်း သထုံမြို့နယ်အတွင်း ဆန္ဒမဲလာပေးသူတွေထဲမှာ ကိုဗစ်-၁၉ အတည်ပြု လူနာတွေကို တွေ့ရှိခဲ့ပါသေးတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ(၈၄၆)ဦးရှိပြီး ဒီထဲကမှ သက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရရှိသူက( ၇၀၀)နီးပါးရှိပြီးလို့ သိရပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.