မော်လမြိုင်၊ နိုဝင်ဘာ (၁၀)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ မွန်ပြည်နယ်အတွင်း (၅) မြို့နယ်မှာ နေရာပြည့် အနိုင်ရခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ (၁၇)နေရာ ရရှိခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော်အတွက် (၂၂) နေရာရှိပြီး NLD က (၁၇) နေရာ နဲ့ မွန်ညီညွတ်ရေးပါတီက (၅) နေရာ အနိုင်ရရှိခဲ့တာပါ။
ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ ပေါင် နဲ့ မော်လမြိုင်မြို့တို့မှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ နေရာအပြည့် အနိုင်ရခဲ့တာဖြစ်ပြီး ရေးမြို့နယ်မှာတော့ နေရာအပြည့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါ့အပြင် သံဖြူဇရပ်မြို့နယ်မှာ (၃) နေရာ ၊ ချောင်းဆုံမြို့နယ်မှာ (၃)နေရာ ၊ မုဒုံမှာ (၁) နေရာ နဲ့ ကျိုက်မရောမှာ (၃) နေရာ တို့ကို ထပ်မံ အနိုင်ရရှိခဲ့ပါသေးတယ်။
ဒါကြောင့် nld ပါတီမှ မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်အတွက် (၈) နေရာ ၊ အမျိုးသားလွှတ်တော်အတွက် (၉) နေရာ ရရှိပြီး ပြည်ထောင်စု လွှတ်တော်အတွက် (၁၇) နေရာ ရရှိခဲ့ပါတယ်။
မွန်ညီညွတ်ရေးပါတီကတော့ ရေးမြို့နယ်မှာ နေရာအပြည့် အနိုင်ရရှိခဲ့ပြီး မုဒုံမြို့နယ် (၃) နေရာ ၊ သံဖြူဇရပ်မှာ (၁) နေရာ ၊ ချောင်းဆုံ (၁) နေရာ နဲ့ ကျိုက်မရောမှာ (၁) နေရာ စုစုပေါင်း (၁၁) နေရာ အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် မွန်ညီညွတ်ရေးပါတီကတော့ မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် (၂) နေရာ ၊ အမျိုးသားလွှတ်တော် (၃) နေရာ အနိုင်ရပြီး ပြည်ထောင်စုလွှတ်တော်အတွက် (၅)နေရာ ရရှိခဲ့ပါတယ်။
မွန်ပြည်နယ်အတွင်း နေရာအပြည့် ယှဉ်ပြိုင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ တစ်နေရာမှ အနိုင် မရရှိခဲ့ပါဘူး။
မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတွေ အပါအဝင် လွှတ်တော်အသီးအသီး အတွက် ကိုယ်စားလှယ်လောင်း (၄၅) နေရာ ရှိတာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေအရ မွန်ပြည်နယ်မှာ NLD ပါတီက (၇၅) ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ကျန်တဲ့ (၂၅) ရာခိုင်နှုန်းကိုတော့ မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်