မော်လမြိုင် ၊ နိုဝင်ဘာ (၆)

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်က မဲဆန္ဒရှင်တစ်ဦးဟာ အယောင်ဆောင်မဲပေးမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူက ၎င်းရဲ့ညီ တင်ရွှေဆိုတဲ့ နာမည်ပါ မှတ်ပုံတင်နဲ့ ရပ်ကျေးကော်မရှင်ရုံမှာ ကြိုတင်မဲလာပေးခဲ့တာကို စိစစ်တွေ့ရှိပြီးတော့ ကော်မရှင်က အမှုဖွင့်လိုက်တာပါ။

“မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ် တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ် လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော် မြို့နယ်ကော်မရှင်ကို လှမ်းအကြောင်းကြား ဒါကတော့ အယောင်ဆောင်မဲပေးမှုပေါ့ ၅၉(ဇ) နဲ့ အရေးယူဖို့ ရပ်ကျေးကော်မရှင်ကို ညွှန်ကြားလိုက်ပြီး ရဲစခန်းမှာလဲ အမှုဖွင့်လိုက်ပြီ” လို့ ဦးဌေးလွင်က ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး သူတစ်ပါးအယောက်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်မဲလက်မှတ်လာရောက်တောင်းဆိုခြင်း သို့မဟုတ် မဲပေးခြင်း ပြုသူဟာ ဥပဒေပုဒ်မ ၅၉(ဇ) ဖြင့် အရေးယူခံရမယ်လို့ ပြဌာန်းထားပါတယ်။

အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးရတဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အတွင်း မော်လမြိုင်မြို့နယ်အတွင်း ကြိုတင်မဲပေးမှုနဲ့ ပတ်သက်ပြီး လွဲချော်မှုတွေရှိခဲ့ပြီး တိုင်ကြားမှု ကန့်ကွက်မှုတွေလည်းရှိခဲ့ပါတယ်။ ဥပဒေပုဒ်မ ၅၉(ဇ) ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကော်မရှင်အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန်လိုတယ်လို့လဲ ကိုယ်စားလှယ်လောင်းတွေက ပြောဆိုနေပါတယ်။

မော်လမြိုင်မြို့နယ်မှာ မဲရုံ ၁၁၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၄၈၀၀၀ ကျော်ရှိကာ နိုဝင်ဘာ ၄ ရက်နေ့အထိစာရင်းအရ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးထားသူ ၃၂၄၈၈ ရှိတယ်လို့မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်မ်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.