မော်လမြိုင် ၊ နိုဝင်ဘာ (၃)

တံဆိပ်တုံးအတုနဲ့ ထုထားတဲ့ ကြိုတင်မဲတွေကို ပယ်မဲ ခိုင်လုံမဲအဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)မှာ အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးတဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တံဆိပ်တုံးအတုနဲ့ မဲပေးနေတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း မဲဆန္ဒရှင် ၂၃ ဦးမြောက် ပေးတဲ့အချိန်မှသာ မဲတံဆိပ်တုံးမှာ UEC အမှတ်တံဆိပ်မပါရှိခြင်းကို မဲရုံဝန်ထမ်းတွေက စိစစ်တွေ့ရှိခဲ့တာပါ။

တံဆိပ်အတုနဲ့ ဆန္ဒပြုထားတဲ့ မဲတွေကို ပယ်မဲ ခိုင်လုံမဲအဖြစ် သတ်မှတ် ရွေးကောက်ပွဲကော်မရှင် ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေက ဆွေးနွေးပြီး ပြည်ထောင်စု​ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ ဆိုပါတယ်။

“တကယ်တမ်းဖြန့်ဝေပေးတာက UEC ထုတ်ပေးထားတဲ့ တံဆိပ်တုန်းတွေ ဖြန့်ပေးတယ်၊ ဒါပေမယ့် အဲဒီနေ့မှာ UEC မပါတဲ့ တံဆိပ်တုံးဖြစ်နေတယ်။ သုံးသပ်ပြီး ပြောရရင် ကြိုတင်ကြံစည်ပြီးတော့ တစ်ယောက်ယောက်ကများ ဆင်တူယိုးမှားနဲ့ လဲလိုက်တာများလား ဖြစ်တာလာတော့ မပြောတက်ဘူးပေါ့ဗျာ။ ကျွန်တော်တို့က ဒီဖြစ်စဉ်တွေကို မြို့နယ်ကနေ ခရိုင်/ပြည်နယ်ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်မှုကို ခံယူပြီးဆောင်ရွက်သွားမှာပေါ့နော်”လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

ဆန္ဒပြုထားတဲ့ မဲတွေကို ဆုံးရှုံးမှု မရှိရအောင် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာ ကော်မရှင်က တာဝန်အရှိဆုံးဆိုတော့ တာဝန်ယူ၊ တာဝန်ခံရမှာက ကော်မရှင်ပဲ၊ ဒါက ပြည်သူနဲ့လည်းမဆိုင်ဘူး၊ ပါတီတွေနဲ့လည်းမဆိုင်ဘူး၊ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း မဆိုင်ဘူး၊ သူ့အပြစ်ပဲဆိုတာ ကြည့်လို့ရှိရင် သိနေတာပဲဟာ၊ တာဝန်ယူတာဝန်ခံရမှာလေ ဒီအပေါ်မှာ၊ ဒါပေမယ့် မဲတွေကိုတော့ ရှုံးဆုံးအောင်လုပ်တာတော့ လက်မခံ နိုင်ဘူးနော်၊ မဲတစ်ပြားရဲ့တန်းဖိုက နည်းတာမဟုတ်ဘူး၊ မဲရှုံးဆုံးအောင်လုပ်မယ့်ဟာက လုံးဝလက်မခံနိုင် ဘူး။”NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင် ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်း (၄)သောင်းကျော်ပြီး မဲရုံ (၉၇၃) ရုံ ဖွင့်လှစ်ထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.