မော်လမြိုင် ၊ နိုဝင်ဘာ (၂)

ကြိုတင်မဲပေးတဲ့ကာလ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေမှာ အမှားအယွင်းတွေ ရှိနေတာကြောင့် ဥပဒေအရ တိတိကျကျ လုပ်ဆောင်ဖို့ ကိုယ်စားလှယ်လောင်းတွေက တိုက်တွန်း လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ကြိုတင်မဲလက်မှတ်တွေကို မှားယွင်းထုတ်ပေးတာတွေ နဲ့ ကော်မရှင်အဖွဲ့ဝင်တွေက မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ဒါ့အပြင် မဲရုံပရဝဏ်အတွင်းမှာလည်း နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေ ရှိနေပြီး ဒီအပေါ်မှာလည်း ကော်မရှင်က တစ်စုံတစ်ရာ အရေးယူမှု မရှိဘူးလို့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

“မဲရုံရဲ့ပရဝုဏ်တွေမှာ မဲဆွယ်စည်းရုံးတာတွေကိုလည်း တွေ့နေရတယ်၊ တကယ်မဲပေးတဲ့နေ့ရောက်ရင် ဒီလိုမဖြစ်အောင် ကော်မရှင်အပါအဝင် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေက စနစ်တကျကို င်တွယ်နိုင်ဖို့လိုသလို သက်ဆိုင်ရာပါတီကိုယ်စားလှယ်တွေကလည်း ထိန်းသိမ်းဖို့လိုတယ်၊ ပါတီတွေကလည်း ကိုယ့်အသိနဲ့ကိုယ် လူထုကို အကြောက်တရားတွေနဲ့ခြိမ်းခြောက်တာ၊ တွေဝေအောင်မဲဆွယ်တာမျိုး မလုပ်သင့်တော့ဘူးလို့မြင်တယ်၊ ကိုယ့်ရဲ့ကျင့်ဝတ်အတိုင်းပေါ် ထိန်းသိမ်းဖို့တော့လိုနေပါတယ်”လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါတယ်။

အခုလို အခြေအနေတွေဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တိတိကျကျ ဆောင်ရွက်ဖို့ လိုတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

” ခုလိုပြဿနာတွေက ရွေးကောက်ပွဲပြီးလို့ ကိုယ်စားလှယ်စာရင်းကြေငြာရင် ကန့်ကွက်မှုတွေ၊ အမှုအခင်းတွေအများကြီးဖြစ်လာနိုင်တယ်၊ နောက်ပြီးတော့ မဲပေးတဲ့ ၈ ရက်နေ့မှာ အုံနဲ့ကျင်းနဲ့မဲပေးလာကြမှာဖြစ်လို့ မလိုလားအပ်တဲ့ပဋိပက္ခတွေအများကြီးဖြစ်လာနိုင်လို့ အမှိုက်ကစ ပြဿဒ်မီးလောင်မှာကို ကျွန်တော်တို့ကစိုးရိမ်တယ်၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သမာသမတ်ရှိရှိ တိတိကျကျ ပြတ်ပြတ်သားသားဆောင်ရွက်စေချင်တယ်၊ ခုက အင်အားကြီးတဲ့သူက အခွင့်အရေးရသလိုဖြစ်နေတော့ အရမ်းကို စိုးရိမ်စရာကောင်းနေပါတယ်”လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ အခုလို အခြေအနေတွေနဲ့ပတ်သက်ပြီး တရားဝင်စာနဲ့တိုင်ကြားတာတွေ မရှိသေးပေးမယ့် ဖုန်းနဲ့တိုင်ကြားတာတွေကိုတော့ အမြန်ဆုံး ဖြေရှင်ပေးနေတယ်လို့ ဆိုပါတယ်။

” စာနဲ့ပေနဲ့တိုင်ကြားမှုမရှိသေးပေမယ့် ဖုန်းနဲ့တိုင်ကြားတာတွေကိုတော့ အချိန်နဲ့တပြေးညီဖြေရှင်းပေးနေသလို စာနဲ့တိုင်ကြားလာခဲ့မယ်ဆိုရင်လဲ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ချက်ခြင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းပေးမှာဖြစ်ပါတယ်၊ ရွေးကောက်ပွဲကာလပြဿနာတစ်စုံတရာဖြစ်ပွားလာခဲ့မယ်ဆိုရင် ချက်ခြင်းစေ့စပ်ညှိနှိုင်းရေးကော်မတီခေါ်မယ်၊ ခေါ်လို့မှ မပြေလည်ဘူးဆိုရင် သူတို့ရဲ့ဆန္ဒအတိုင်း ရဲအရေးပိုင်တဲ့ အမှုဆိုရင် ရဲကိုဆက်ပြီးတော့ တိုင်ကြားစေမှာဖြစ်ပါတယ် ” လို့ ရေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးညီသွေးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော်ရှိပြီး မဲရုံ (၉၇၃) ရုံ ဖွင့်လှစ်ဖို့ ကော်မရှင်က လျာထားပါတယ်။

သတင် – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.