မော်လမြိုင် ၊ အောက်တိုဘာ (၂၀)

မဲရုံတွေမှာ မသန်စွမ်းတွေ သွားရောက်ဆန္ဒမဲပေးတဲ့အခါ အဆင်ပြေအောင် ယာဉ်အကြိုအပို့ စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းတွေအရ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးနိုင်တဲ့ မသန်စွမ်းဦးရေ(၄၀၀၀)ကျော် ရှိပါတယ်။

 ပြည်နယ်အတွင်းမှာ မသန်စွမ်းတွေအတွက် သီးသန့်မဲရုံ မရှိတာကြောင့် အလွယ်တကူ မဲသွားပေးနိုင်အောင် အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 “ တချို့က ချိုင်းထောက်နဲ့သွားလို့ရတယ်၊ ခြေတုနဲ့သွားလို့ရတဲ့သူတွေက သွားထည့်နိုင်တယ်၊ သို့သော်လည်း အိပ်ယာထဲမှာပလက်လဲနေတဲ့သူတွေ၊ ဝှီးချဲနဲ့သွားမယ့်သူတွေ အဲလိုအနေအထားတွေဆိုတော့ ကျွန်တော်တို့မှာ အခက်အခဲအများကြီးရှိတယ်၊ နောက်ပြီး ကိုဗစ်ကာလမှာလည်း သာမန်လူတွေတောင် ကာဗာယူနေရတဲ့အချိန်မှာ မသန်စွမ်းတွေ တချို့ကျတော့ မဲရုံကို သွားဖို့လာဖို့က တက္ကစီတွေ၊ ကားတွေ ငှားရမယ်၊ တချို့မိသားစုတွေက စားဝမ်းနေရေးတောင် အခက်အခဲဖြစ်နေတဲ့အခါကျတော့ ဒီစရိတ်တွေကို တချို့လူတွေက မတက်နိုင်ကြဘူး၊ မသန်စွမ်းတွေရှိတဲ့ ရပ်/ကျေးအလိုက်ပေါ့လေ၊ ရပ်/ကျေးကလူတွေကို ညွှန်ကြားပြီးတော့ ဦးစီးဦးဆောင်လုပ်ပြီး သူတို့ကို ပံ့ပိုးကူညီပေးမယ်ဆိုရင် ပိုပြီးသင့်လျော်မယ်”လို့ မသန်စွမ်းသူများအသင်း အတွင်းရေးမှူး ဦးငြိမ်းအေးက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကောက်ခံထားပြီး သူတို့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။

“မသန်စွမ်းတွေအလိုက်ကို မှတ်တမ်းတွေ ပြုစုကောက်ခံထားပါတယ်။ သူတို့ ဘာလိုအပ်လဲပေါ့၊ လိုအပ်တဲ့ဟာတွေ ဥပမာ- ဝှီးချဲ၊ ချိုင်းထောင့်တွေလား အဲလိုလိုအပ်တဲ့ပစ္စည်းတွေကို မဲရုံတွေမှာ စီစဉ်ပေးထားပါတယ်။ မဲပေးတဲ့နေ့မှာ မဲရုံကို မလာရောက်နိုင်တဲ့ အသက်အရွယ်ကြီးရင့်သူ၊ မသန်စွမ်းသူ မွေးဖွားထားတဲ့သူတွေ၊ အိမ်တိုင်ရာ ရောက်ကြိုတင်မဲပေးဖို့ စီစဉ်ထားပါတယ်။ မဲရုံကို လာဖို့ အကြိုအပို့အစီအစဉ်အတွက်ကိုတော့ မပူပါနဲ့ခင်ဗျ၊ ရပ်ကျေးကရှိပါတယ်။ ရပ်ကျေးကို တာဝန်ပေးထားပါတယ်။ ရပ်ကျေးကနေပြီးတော့မှ ၂ ရက်ကြိုတင်ပြီး မဲပေးနိုင်အောင် ကော်မရှင်အဖွဲ့ခွဲက ၂ ယောက်အနည်းဆုံးပါပြီးတော့မှ အိမ်တိုင်ရာရောက်ကြိုတင်မဲ ကောက်ခံမှာဖြစ်ပါတယ်”လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်နိုင်ဦး ပြောပါတယ်။

မသန်စွမ်းတွေအနေနဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲထက်စာရင် ယခုကျင်းပမည့်ရွေးကောက်ပွဲ အပေါ်မှာ ပိုမိုစိတ်ဝင်စားမှု ရှိလာတဲ့အတွက် မဲပေးနှုန်းကလည်း များလာနိုင်တယ်လို့ မသန်စွမ်းသူများအသင်းက သုံးသပ်ထားပါတယ်။

မဲပေးမယ့်သူဟာ ဆန္ဒမဲလက်မှတ်ရှိ အမည်ကို မဖတ်တက်လျှင်လည်းကောင်း၊ ညွှန်ကြားထားတဲ့အတိုင်း မပေးတက်လျှင်လည်းကောင်း မဲစာရင်းပါ မဲဆန္ဒရှင်ရဲ့ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး ညီအစ်ကို မောင်နှမ အရင်း တစ်ဦးဦးက ဆန္ဒမဲပေးသူက ညွှန်ကြားကာ လျှို့ဝှက်ဆန္ဒပြုရမှာဖြစ်ပြီး ယင်းပုဂ္ဂိုလ်တွေမရှိရင် မဲရုံမှူးက ဆောင်ရွက်ပေးရမှာဖြစ်ပြီး မဲလက်မှတ်ကိုတော့ ဆန္ဒမဲပေးသူကိုယ်တိုင်ထည့်စေရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.