မော်လမြိုင် ၊ အောက်တိုဘာ (၁၉)

တိုင်းရင်းသားဒေသက မဲဆန္ဒနယ်တစ်ချို့မှာ ရွေးကောက်ပွဲမကျင်းပတာဟာ တိုင်းရင်းသားမဲဆန္ဒရှင်တွေအပေါ် တရားမျှတမှု မရှိဘူးလို့ တိုင်းရင်းသားပါတီတွေက အောက်တိုဘာလ (၁၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း အောက်တိုဘာ (၁၆)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

ကော်မရှင်ရဲ့ လုပ်ဆောင်ချက်က  ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကိုပါ မေးခွန်းထုတ်စရာဖြစ်စေပြီး အဲဒီဒေသတွေက တိုင်းရင်းသားတွေကို လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းတွေကို ရွေးချယ်လာစေဖို့ တွန်းပို့ရာရောက်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မွန်ညီညွတ်ရေးပါတီတို၌က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ အဲဒီဒေသက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး သဘောထားရယူခြင်းမရှိဘဲ အခုလို ဆောင်ရွက်တာ သဘာဝမကျကြောင်းနဲ့ ကော်မရှင်အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက  ပြောပါတယ်။

“” အဲ့နေရာတွေက မူလကတည်းက ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ကြေငြာထားပြီးသားဖြစ်တယ်၊ မဲဆွယ်ကာလထက်ဝက်ကျော်လာပြီးလို့ ရွေးကောက်ပွဲကျင်းပဖို့ ရက် ၂၀ ကျော်လောက်လိုလာတဲ့အချိန်မှာ ကြေငြာလိုက်တာဟာ အဲ့ဒေသက တိုင်းရင်းသားပြည်သူတွေအတွက် တရားမျှတမှုမရှိဘူး၊ ကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ် ” လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့လည်း ကော်မရှင်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုထိခိုက်ပါက စိုးရိမ်ဖွယ်ရာဖြစ်နိုင်ပြီး ပြန်လည်စိစစ်သုံးသပ်ရင် နိုင်ငံတော်အတွက် အကျိုးရလဒ်ကောင်းတွေပြန်လည်ရရှိနိုင်မယ်လို့ တိုက်တွန်းထားပါတယ်။

ကော်မရှင်ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်က ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ စု၊ မွန်ပြည်နယ် မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နဲ့ အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နဲ့ အခြားမြို့နယ် ၁၇ မြို့နယ်တို့မှ ရပ်ကွက် ၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၃၃ အုပ်စု၊ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ပါဝင်နေပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.