မော်လမြိုင် ၊ အောက်တိုဘာ (၁၅)

မဲရုံမှူးတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲတွေကို ရေတွက်ပြီး ခိုင်လုံမဲနဲ့ပယ်မဲကို ဆုံဖြတ်ရာမှာ အင်အားကြီးပါတီတွေရဲ့ ငြင်းခုံမှုကြောင့်  မဲရုံမှူးတွေရဲ့ ရပ်တည်ချက် မမှန်မကန်ဖြစ်မှာကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြတာပါ။

“ခိုင်လုံမဲနဲ့ပယ်မဲ ဆုံးဖြတ်တဲ့ အပိုင်းတွေမှာ ပါတီတွေရဲ့ အင်အားကြီးမားမှုက အားသာချက်အနေနဲ့ အသုံးချပြီးတော့မှ ငြင်းခုန်ပြောဆိုတဲ့ အခြေအနေမှာ ရပ်ကျေးတွေက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအပေါ်မှာ အားနည်းချက်ရှိထာရင် သူတို့ကိုယ်တိုင် မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အားနည်းတာတွေ ရှိမယ်”လို့  မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

ခိုင်လုံမဲနဲ့ ပယ်မဲတွေအငြင်းပွားမှုဖြစ်လာရင် အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် ပြောရဲဆိုရဲရှိတဲ့ မဲရုံကိုယ်စားလှယ်တွေကိုထားရှိဖို့ လိုအပ်မယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)မှာ ယှဉ်ပြိုင်မယ့် နိုင်မျိုးအောင်က ဆိုပါတယ်။

“ကျွန်တော်တော့ မဲရုံတိုင်း မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားဖို့ပေါ့ ။ ကိုယ်စားလှယ်ထားရင်တော့ နည်းနည်း ပြောရဲဆိုရဲရှိတဲ့ သူတွေကို ရွေးရမှာပေါ့။ ပယ်မဲတွေရဲ့ ပတ်သက်ရင် တိတိကျကျ လုပ်ဖို့တော့ လိုတာပေါ”လို့ ဆိုပါတယ်။

ကော်မရှင်ကတော့ ခိုင်လုံမဲနဲ့ပယ်မဲအတွက် သတ်မှတ်ချက်တွေရှိပြီး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ပြည်နယ်နဲ့ မြို့နယ်တွေမှာ အဖွဲ့တွေဖွဲ့ထားတယ်လို့ ဆိုပါတယ်။  

“ခိုင်လုံမဲဆိုရင် အချက်(၃)ချက် ပယ်မဲက အချက်(၁၁) ချက် ရှိတယ်။ အငြင်းပွားမှုဖြစ်ရင်တော့ ဖြေရှင်းဖို့ ပြည်နယ်မှာ အဖွဲ့တွေ ဖွဲ့ထားပါတယ်”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းဇော်က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၁) ဦးအပါအဝင် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း (၃၀၂) ဦး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.