မော်လမြိုင် ၊ အောက်တိုဘာ (၉)

စည်ပင်သာယာစျေးတွေမှာ မဲဆွယ်စည်းရုံးတာတွေ မပြုလုပ်ဖို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။

ရေးမြို့နယ် စည်ပင်စျေးက ရွှေဆိုင်တန်းက ဆိုင်တွေမှာ မွန်ညီညွတ်ရေးပါတီအလံတွေထောင်ပြီး သီးချင်းတွေ ဖွင့်ခဲ့တဲ့နောက်မှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

စည်ပင်ဈေးအတွင်းမှာ ပတ်ဝန်းကျင်နဲ့ ဈေးရောင်းဝယ်သူတွေအပေါ် အနှောင့်အယှက်ဖြစ်စေမယ့် ဆောင်းဘောက်အသံဆူညံစွာဖွင့်လှစ်ခြင်း၊ အော်ဟစ်သီဆိုကခုန်ခြင်းတွေအပြင် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင်က သတိပေးအကြောင်းကြားခဲ့တာပါ။

“စျေးစည်းကမ်းအရ အနှောင့်အယှက်ဖြစ်အောင်တို့ ဆူညံအောင်တို့ ရုန်းရင်းဆန်ခတ်ဖြစ်အောင်တို့ လုပ်မရဘူး။ ကိုဗစ်နဲ့ပတ်သက်လို့လည်း တစ်နိုင်ငံလုံး သိပြီးသား ဒါတွေလုပ်လို့ မရဘူးဆိုတာ သိပြီးသားပါ”လို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် ဆိုင်ခန်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဆိုပါတယ်။

လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးတာတွေ ၊ ဆူညံစွာ အော်ဟစ်သီဆိုကခုန်တာတွေကို ပြုလုပ်သွားမှာ မဟုတ်ဘဲ တစ်ဦးချင်းအပေါ် ပုဂ္ဂလိကဆန္ဒအရ မဲဆွယ်တာတွေတော့ ဆောင်ရွက်သွားမယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

“အသံချဲ့စက်နဲ့ ဆူံညံအောင်မလုပ်ရဘူးဆိုတာ လက်ခံတယ်။ ကျွန်တော်တို့ လိုက်နာတယ်။ ကျွန်တော်တို့ဆီ စျေးလာဝယ်တဲ့သူကို မစည်းရုံးရဘူးဆိုတာ သဘာဝမကျဘူး”လို့ ဝင်းသုခရတနာရွှေဈေးမှ ဝင်းဝင်းထက် ရွှေဆိုင်ပိုင်ရှင် နိင်တလဦးက ပြောပါတယ်။

 ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့  ရေးမြို့နယ်အတွင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပါအဝင် နိုင်ငံရေးပါတီ(၁၂)ခုက ကိုယ်စားလှယ်လောင်း (၅၅) ဦး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.